တိုင်းဒေသကြီးဝန်ကြီးချုပ် နည်းပညာတက္ကသိုလ်(ပုသိမ်)၌ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမနှစ်မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားအား တက်ရောက်အားပေး

နည်းပညာတက္ကသိုလ်(ပုသိမ်)တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမနှစ်၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဌာနဆိုင်ရာများ၊ နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်နှင့် ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများတက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် နည်းပညာတက္ကသိုလ်(ပုသိမ်) မြို့ပြအင်ဂျင်နီယာဌာန၊ အီလက်ထရောနစ်အင်ဂျင်နီယာဌာန ကျောင်းသူများ၏ တေးသီချင်းများဖြင့် ဖျော်ဖြေကပြမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “နည်းပညာတက္ကသိုလ်တွင် စတင်ပညာဆည်းပူးမည့် မောင်တို့မယ်တို့အား တက္ကသိုလ်ရှိ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခများကအပါအဝင် စီနီယာအစ်ကို၊ အစ်မများက နွေးထွေးစွာကြိုဆိုကြခြင်းဖြစ်ပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့ကြပြီး မိမိတို့ဝါသနာပါသည့်ဘာသာရပ်များအလိုက် အဆင့်မြင့်ပညာများကို ဆက်လက်လေ့လာသင်ယူကြရမည်ဖြစ်ပါကြောင်း၊ တက္ကသိုလ်အသီးသီးတွင် ဒေသနှင့် နိုင်ငံအကျိုးရှိစေမည့် ဘာသာရပ်များကိုတိုးချဲ့သင်ကြားလျက်ရှိပြီး မောင်တို့မယ်တို့အနေဖြင့်လည်း အင်ဂျင်နီယာဘာသာရပ်များကို ပိုမိုလေ့လာဆည်းပူးခွင့် ရရှိမည်ဖြစ်ပါကြောင်း၊ ယနေ့ခေတ်တွင် နည်းပညာကဏ္ဍသည် လွန်စွာအရေးပါလာပြီဖြစ်၍ အဆင့်မီ နည်းပညာရပ်များအား ကျောင်တော်ကြီးမှသင်ကြားပို့ချလျက်ရှိပြီး မောင်မယ်တို့၏ သင်ယူနိုင်မှု၊ လေ့လာနိုင်မှု ၊တီထွင်ဆန်းသစ်နိုင်မှု၊ အတွေးအခေါ် အယူအဆများနှင့် ခေတ်မီဖွံ့ဖြိုးတိုးတက် သော နိုင်ငံတော်တည်ဆောက်ရေးအတွက် အားဖြည့်ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် တိုင်းဒေသကြီးဖြစ်၍ စက်မှုနည်း ပညာဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရန်အတွက် မောင်တို့မယ်တို့၏ အခန်းကဏ္ဍသည် လွန်စွာအရေးပါကြောင်း၊ ထို့ပြင် မောင်တို့မယ်တို့အနေဖြင့် အနေဖြင့်လည်း မြန်မာ့ရိုးရာ အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် အဆင့်မြင့်ပညာကဏ္ဍအတွက် တိုင်းဒေသကြီးကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်ရန်နှင့် အားကစားလှုပ်ရှားမှုများကိုလည်းဆောင်ရွက် ကြဖို့တိုက်တွန်းပြောကြားလိုပါကြောင်း၊ မောင်တို့မယ်တို့အနေဖြင့် ကိုယ်ပိုင်းအတွေးအခေါ် ကိုယ်ပိုင်ဉာဏ်စွမ်းဖြင့် စဉ်းစားတွေးခေါ်၍ ခေတ်မီနည်းပညာရပ်များအားကြိုးစားလေ့လာသင်ယူကြပြီး တိုင်းဒေသကြီးနှင့်နိုင်ငံတော်အတွက်အားကိုးအားထားပြုနိုင်သည့် နိုင်ငံ့သား ကောင်း၊ သမီးမွန်များဖြစ်ကြပါစေကြောင်း” နှုတ်ခွန်းဆက်အမှာစကားများပြောကြားပြီး နည်းပညာတက္ကသိုလ်(ပုသိမ်)ဒုတိယပါမောက္ခချုပ်ထံသို့ ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။

ဆက်လက်၍ နည်းပညာတက္ကသိုလ်(ပုသိမ်)မှ ဒုတိယပါမောက္ခချုပ်က ကြိုဆိုနှုတ်ခွန်းဆက်စကားများ ဆက်လက်ပြောကြားခဲ့ပြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန၊ စက်မှုအင်ဂျင်နီယာဌာန၊ သုတနည်းပညာအင်ဂျင်နီယာ ဌာနတို့မှ ကျောင်းသား၊ကျောင်းသူများ၏ တေးသရုပ်ဖော်အကများနှင့် ဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။

09-Jan-2024