ပုသိမ်မြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုညစာစားပွဲကို ဇန်နဝါရီလ၊ (၄) ရက်နေ့ညပိုင်းကပြုလုပ်ခဲ့ရာ ညစာစားပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆုရရှိသူများ တက်ရောက်ခဲ့ကြသည်။

ဂုဏ်ပြုညစာစားပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ရေးရရှိခဲ့သည်မှာ (၇၆)နှစ်မြောက်သို့ တိုင်ခဲ့ပြီဖြစ်ပါကြောင်းနှင့် မိမိတို့အနေဖြင့် လွတ်လပ်ရေးအား လက်ဆင့်ကမ်းထိန်းသိမ်းသွားရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမျိုးသားရေးရည်မှန်းချက် နှစ်ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနှစ်မိုးစပါးတွင် သတ်မှတ်ထားသည့် ရည်မှန်းချက်များကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့သကဲ့သို့ နွေစပါးကိုလည်း ရည်မှန်းထားသည့်အတိုင်း အောင်မြင်စွာဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ Clean City ၊ Green City ဆုများကိုလည်း ချီးမြှင့်သွားမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ချမှတ်ထားသည့် ရည်မှန်းချက်များကို အကောင်အထည်ဖော်သည့်အခါ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ဒေသထွက်ကုန်ကြမ်းများဖြင့် MSMEsလုပ်ငန်းများပိုမိုတိုးတက်အောင် ဆောင်ရွက် ခဲ့ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီး၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအပါအဝင် ဘက်စုံကဏ္ဍစုံ တိုးတက်စေရန်နှင့် လွတ်လပ်ရေး အဓွန့်ရှည်တည်တံ့စေရန်အတွက် အားလုံးက ပူးပေါင်းပါဝင်ပြီး တက်ညီလက်ညီဖြင့် ထိန်းသိမ်းကာကွယ်စောင့်ရှောက် သွားကြရမည်ဖြစ်ကြောင်း”အမှာစကားပြောကြားသည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြုလုပ်ရာ စည်ပင်ဖွဲ့စည်းပုံ (ကအဆင့်မြို့) အထူးဆုရရှိသည့် ဖျာပုံမြို့၊ စည်ပင်ဖွဲ့စည်းပုံ( က အဆင့်အောက်မြို့) အထူးဆုရရှိသည့် ကြံခင်းမြို့တို့မှ တာဝန်ရှိသူများနှင့်အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ တတိယဆု၊ အခြေခံပညာမူလတန်းအဆင့်စာစီစာကုံးပြိုင်ပွဲတတိယဆု၊ အခြေခံပညာ အထက်တန်းအဆင့်ကဗျာပြိုင်ပွဲ တတိယဆု၊ အခြေခံပညာအထက်တန်းအဆင့် ကျပန်းစကား ပြောပြိုင်ပွဲ တတိယဆုရရှိသူများကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း၊ ဌာနဆိုင်ရာပြခန်း တတိယဆုရရှိသည့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနပြခန်း၊ MSMEs ပြခန်း တတိယဆုရရှိသည့် မြောင်းမြခရိုင်ပြခန်း၊ သစ်သီးဝလံပြခန်း တတိယဆုရရှိသည့် မြန်အောင်ခရိုင်ပြခန်းတို့မှ တာဝန်ရှိသူများ၊ တက္ကသိုလ်ကျောင်းပေါင်းစုံစာစီစာကုံးပြိုင်ပွဲ တတိယဆု၊ တက္ကသိုလ်ကျောင်းပေါင်းစုံကဗျာပြိုင်ပွဲ တတိယဆု၊ အခြေခံပညာအထက်တန်း အဆင့်စာစီစာကုံးပြိုင်ပွဲ တတိယဆုရရှိများကို ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးက လည်းကောင်း၊ တက္ကသိုလ်ကျောင်းပေါင်းစုံကဗျာပြိုင်ပွဲ ဒုတိယဆု၊ အခြေခံပညာအထက်တန်း အဆင့် စာစီစာကုံးပြိုင်ပွဲ ဒုတိယဆု၊ အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ဒုတိယဆု၊ အခြေခံပညာမူလတန်းအဆင့်စာစီစာကုံးပြိုင်ပွဲ ဒုတိယဆု၊ အခြေခံပညာ အထက်တန်းအဆင့် ကဗျာပြိုင်ပွဲ ဒုတိယဆုရရှိသူများကို အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၏ဇနီးကလည်းကောင်း၊ ဌာနဆိုင်ရာပြခန်း ဒုတိယဆုရရှိသည့် ကျန်းမာရေးဝန်ကြီးဌာန ၊ MSMEs ပြခန်းဒုတိယဆုရရှိသည့် ပုသိမ်ခရိုင်၊ သစ်သီးဝလံပြခန်းတွင် ဒုတိယဆုရရှိသည့် ကျုံပျော်ခရိုင်တို့မှ တာဝန်ရှိသူများနှင့် တက္ကသိုလ်ကျောင်းပေါင်းစုံစာစီစာကုံးပြိုင်ပွဲတွင် ဒုတိယဆု၊ အခြေခံပညာအထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲတွင် ဒုတိယဆုရရှိသူများ ကို အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးကလည်းကောင်း၊ တက္ကသိုလ်၊ ဒီဂရီကောလိပ် ပေါင်းစုံ စာစီစာကုံးပြိုင်ပွဲ ပထမဆု၊ အခြေခံပညာအထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ ပထမဆု၊ အခြေခံပညာအလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ပထမဆု၊ အခြေခံပညာမူလတန်း အဆင့် စာစီစာကုံးပြိုင်ပွဲ ပထမဆု၊ အခြေခံပညာအထက်တန်းအဆင့် ကဗျာပြိုင်ပွဲ ပထမဆုရရှိ သူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ တက္ကသိုလ်ဒီဂရီကောလိပ် ပေါင်းစုံ ကဗျာပြိုင်ပွဲ ပထမဆု၊ အခြေခံပညာအထက်တန်းအဆင့် စာစီစာကုံး ပထမဆုရှိရ သူများနှင့် စည်ပင်ဖွဲ့စည်းပုံ (အထူး+ ကအဆင့်)(Green City)ဆုရရှိသည့် မြန်အောင်မြို့၊ စည်ပင်ဖွဲ့စည်းပုံ (အထူး+ ကအဆင့်)(Clean City)ဆုရရှိသည့် ဟင်္သာတမြို့၊ စည်ပင်ဖွဲ့စည်းပုံ (အထူး+ ကအဆင့်အောက်)(Green City)ဆုရရှိသည့် ဓနုဖြူမြို့၊ စည်ပင်ဖွဲ့စည်းပုံ (အထူး+ ကအဆင့်အောက်)(Clean City)ဆုရရှိသည့် ကျောင်းကုန်းမြို့၊ ဌာနဆိုင်ရာပြခန်းဆုရရှိသည့် နည်းပညာတက္ကသိုလ်၊ အစိုးရနည်းပညာအထက်တန်းကျောင်း၊ ကွန်ပျူတာတက္ကသိုလ်ပြခန်း၊ သစ်သီးဝလံပြပွဲဆု ပထမရရှိသည့် မြောင်းမြခရိုင်နှင့် MSMEs ပြခန်း ပထမဆုရရှိသည့် ကျုံပျော်ခရိုင်တို့မှ တာဝန်ရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်းဆုများ အသီးသီးချီးမြှင့်ခဲ့ကြသည်။

ယင်းနောက် ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ပညာအလင်္ကာတေးဂီတအဖွဲ့မှလွတ်လပ်ရေးနေ့ဂုဏ်ပြုတေးသီချင်းများဖြင့် သီဆိုဖျော်ဖြေမှုများကို ကြည့်ရှု အားပေးခဲ့ပြီး ဂုဏ်ပြုညစာများ သုံးဆောင်ခဲ့ကြကြာ အဆိုရှင်များနှင့် ပညာအလင်္ကာ တေးဂီတ အဖွဲ့တို့အား ချီးမြှင့်ငွေများပေးအပ်ခဲ့ကြောင်းသိရသည်။

05-Jan-2024