(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြခန်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက်ဖွင့်လှစ်ပေး
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြခန်းများဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်းတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ နှင့် ပြခန်းတာဝန်ခံများတက်ရောက်ခဲ့ကြသည်။
ဦးစွာ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြခန်းများအား တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ ယင်းနောက် ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ခရိုင်ရှစ်ခရိုင်မှ ခင်းကျင်းပြသထားသည့် သစ်သီးဝလံ၊ ပန်းမန်နှင့် MSME ဒေသထွက်ကုန်ပြခန်းများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ခရိုင်အလိုက် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် ဒေသထွက်ကုန်များပိုမိုထုတ်လုပ်စေရေး၊ စားသောက်ကုန်များကိုလည်း ပြည်တွင်းဈေးကွက်သာမက ပြည်ပစျေးကွက်များအထိ တင်ပို့ရောင်းချနိုင်စေရေး၊ ထုတ်ပိုးမှုပိုမိုသေသပ်ကောင်းမွန် စေရေးနှင့် ထုတ်လုပ်မှုစနစ်များအဆင့်မြှင့်တင်နိုင်ရေး ကြိုးစားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ဌာနဆိုင်ရာပြခန်း များအား လှည့်လည်ကြည့်ရှု၍ သက်ဆိုင်ရာဌာနအလိုက် ခင်းကျင်းပြသထားရှိမှုများအား စိတ်ဝင်တစား မေးမြန်းဆွေးနွေးခဲ့ပြီး ပြခန်းတာဝန်ခံများ၏ ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များဖြည့်စွက်မှာကြားခဲ့သည်။ (၇၆)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြခန်းများအား ယခုလ(၃)ရက်နေ့မှ(၅) ရက်နေ့အထိ ပြသသွားမည်ဖြစ်ပြီး ဌာနဆိုင်ရာများနှင့် ခရိုင်ရှစ်ခရိုင်မှ သစ်သီးဝလံ၊ ပန်းမန်နှင့် MSME ဒေသထွက်ကုန်ပြခန်းနှင့် သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာစသည့် စိုက်ပျိုးရေးသွင်းအားစု ပြခန်းများအပါအဝင် ပြခန်းစုစုပေါင်း ( ၈၁ )ခန်းပါဝင်ပြသွားမည်ဖြစ်ကာ အများပြည်သူများ ဗဟုသုတရှာမှီးလေ့လာနိုင်စေရေး ဆောင်ရွက်ထားရှိကြောင်းသိရသည်။