ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျုဒိုပြိုင်ပွဲနှင့် စက်ဘီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု ဂျုဒိုအသင်းနှင့် စက်ဘီးအသင်းတို့အား အောင်နိုင်ရေးအလံပေးအပ်

ပြည်နယ်နှင့်တိုင်းဒေသကြီး ဂျုဒိုပြိုင်ပွဲနှင့် စက်ဘီးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု ဂျုဒိုအသင်းနှင့် စက်ဘီးအသင်းတို့အားအောင်နိုင်ရေးအလံပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ အစည်းအဝေး ခန်းမ(၁)တွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ဂျုဒိုပြိုင်ပွဲနှင့် စက်ဘီးပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်မည့် အုပ်ချုပ် ၊ နည်းပြ ၊ အားကစားသမား များက တစ်ဦးချင်းမိတ်ဆက်ပြီးနောက် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုအသင်းများကိုယ်စား ဂျူဒိုအသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ အားကစားအသင်းများအနေဖြင့် ယခင်နှစ်အောင်မြင်မှုများထက် ယခုနှစ်တွင်ပိုမိုအောင်မြင်မှုရရှိအောင် ကြိုးစားဆောင်ရွက် ရမည်ဖြစ်ပါကြောင်း၊ ဂျူဒိုအားကစားနည်းသည် တိုင်းဒေသကြီးအတွက် အားထားရသော အားကစားနည်းဖြစ်ပြီး နှစ်စဉ်နှစ်တိုင်းအောင်မြင်မှုများလည်းရရှိခဲ့ပါကြောင်း၊ ယင်းအောင်မြင်မှုများကို လက်ဆင့်ကမ်းသယ်ဆောင်ပြီး ပိုမိုအောင်မြင်မှုများရရှိအောင် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ စက်ဘီးအားကစားနည်းသည်လည်း အောင်မြင်မှုများရရှိခဲ့ပါကြောင်းနှင့် မျိုးဆက်သစ်အားကစားသမားများလည်း ပါဝင်လာသည့်အတွက် ဂုဏ်ယူရပါကြောင်း၊ အားကစားကဏ္ဍကို မျိုးဆက်သစ်များအနေဖြင့် တစ်ဆင့်ထက်တစ်ဆင့် မြင့်သည်ထက်မြင့်အောင် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် ယခင်နှစ်အောင်မြင်မှုများထက် ပိုမိုအောင်မြင်ရရှိအောင် စွမ်းဆောင်ရန်လိုအပ်ပြီး တိုင်းဒေသကြီးဂုဏ်ဆောင် အားကစားသမားများမှသည် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ဖြစ်ကြပါစေကြောင်း” တိုက်တွန်းအမှာစကားပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုဂျုဒိုအသင်းနှင့် စက်ဘီးအသင်းတို့မှ တာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်းသိရသည်။

03-Jan-2024