တိုင်းဒေသကြီးသန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီနှင့် တိုင်းဒေသကြီးမြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

တိုင်းဒေသကြီးသန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီနှင့် တိုင်းဒေသကြီးမြေပြင် ကွင်းဆင်းစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၂ ရက်နေ့ မွန်းလွဲပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ဧရာဝတီတိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှု ကော်မတီနှင့် တိုင်းဒေသကြီးမြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ခရိုင်၊ မြို့နယ်ဦးစီးမှူးများ တက်ရောက်ခဲ့ကြပြီး ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက Video Conferencing စနစ်ဖြင့် တက်ရောက်ခဲ့ကြသည်။

ဦးစွာ ဧရာဝတီတိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီနှင့် တိုင်းဒေသကြီး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အဓိကကျသည့် မဲစာရင်းမှန်ကန်ရေးနှင့် မဲပေးပိုင်ခွင့်ရှိသူနိုင်ငံသားတိုင်း နိုင်ငံသားကတ်ပြားကိုင်ဆောင်မဲပေးခွင့်ရရှိရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနက ဆောင်ရွက်လျက်ရှိပါကြောင်း၊ ယင်းလုပ်ငန်းစဉ်များ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေးအတွက် အဆင့်(၃)ဆင့်ဖြင့်ဆောင်ရွက်ခဲ့ရာ ယခု တတိယအဆင့်အနေဖြင့် ထည့်သွင်းထားသည့် အချက်အလက်များမှန်ကန်မှု ရှိ/မရှိ မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ကာ အချက်အလက်များ ပြင်ဆင်ဖြည့်စွက်ထည့်သွင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသက် (၁၈)နှစ်အထက် လူဦရေစာရင်းအား ပုံစံ(၁) အတည်ပြုစာရင်း ပြုစုခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ပြီး ၎င်းပုံစံ(၁) အတည်ပြုစာရင်းသည် ရွေးကောက်ပွဲအတွက် အခြေခံမဲစာရင်းများ ပြည့်စုံမှန်ကန် ရေးအတွက် အသုံးပြုနိုင်မည် ဖြစ်ပါကြောင်း၊ ပုံစံ (၁) အတည်ပြုစာရင်းများအား မြေပြင် ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီအဆင့်ဆင့်မှစိစစ်ပြီး ကြီးကြပ်မှုဗဟိုကော်မတီသို့ စာရင်းများပေးပို့ သွားရမည်ဖြစ်ပါကြောင်း၊ ပုံစံ (၁) အတည်ပြုစာရင်းတွင် မပါသင့်သူများမပါရှိရေး အလေးထား ဆောင်ရွက်ဖို့ မှာကြားလိုပါကြောင်း၊ မြန်မာနိုင်ငံအတွင်း ၂၀၂၄ခုနှစ်၊ ပြည်လုံးကျွတ်လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကို အောက်တိုဘာလ (၁) ရက်နေ့မှ (၁၅) ရက်နေ့အထိ နိုင်ငံတဝှမ်းလုံးတွင် ကောက်ယူသွားမည် ဖြစ်ပါကြောင်း၊ သန်းခေါင်စာရင်းမှရရှိသည့် လူဦးရေဆိုင်ရာ ကိန်းဂဏန်း အချက်အလက်များက နိုင်ငံရဲ့ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များတွင် အကျိုးရှိရှိလုပ်ဆောင်နိုင်မှာဖြစ်ပါကြောင်း၊ ထို့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အန္တိမရည်မှန်းချက်ဖြစ်သည့် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ဖြစ်ပေါ်စေရေးအတွက် အခြေခံအချက်ဖြစ်သည့် မဲစာရင်းများ မှန်ကန်ပြည့်စုံရေးအတွက် အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း၊ (၂ဝ၂၄) ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ခြင်းလုပ်ငန်းများတွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများအနေဖြင့် အဆောက်အအုံ စာရင်းတင်ခြင်း၊ လူထုအသိပညာပေး Bill Board စိုက်ထူခြင်း၊ စာရင်းစစ်/ စာရင်းကောက်များ ခန့်အပ်ခြင်း၊ သန်းခေါင်စာရင်းသင်တန်းများ ဖွင့်လှစ်ခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက် သွားရမည် ဖြစ်ပါကြောင်း၊ ယခုကောက်ယူမည့် ပြည်လုံးကျွတ် သန်းခေါင်စာရင်းမှရရှိလာမည့် သန်းခေါင်စာရင်း အချက်အလက်များကို မြေပြင်ကွင်းဆင်းခဲ့သည့် လူဦးရေစာရင်းများဖြင့် နှိုင်းယှဉ် တိုက်ဆိုင်ကာ ရွေးကောက်ပွဲအတွက် မဲစာရင်းပြုစုရာတွင် အထောက်အကူဖြစ်စေရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် ဌာနဆိုင်ရာများမှ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြရန် မှာကြားလိုပါကြောင်း” အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီးက လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ပုသိမ်၊ ကျုံပျော်၊ ဟင်္သာတ၊ မြန်အောင်၊ မြောင်းမြ၊ မအူပင်၊ ဖျာပုံ၊ လပွတ္တာခရိုင်တို့မှ ခရိုင်အုပ်ချုပ်ရေးမှူးများနှင့် အစည်းအဝေးသို့ တက်ရောက်လာသူများ၏ အထွေထွေဆွေးနွေးတင်ပြချက်များအပေါ် ဧရာဝတီတိုင်းဒေသကြီး သန်းခေါင်စာရင်းကြီးကြပ်မှုကော်မတီနှင့် တိုင်းဒေသကြီးမြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေး ခဲ့ပြီး လုပ်ငန်းများအောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

02-Jan-2024