ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ကကြီးမှူး၍ ဥပ္ပါတသန္တိပါဠိတော်ပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကျင်းပ

သာသနာတော်နှစ် ၂၅၆၇ခုနှစ်၊ ကောဇာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ နတ်တော်လပြည့်ကျော် ၅ ရက်၊ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မြို့ကျက်သရေဆောင် သာသနာ့ဗိမာန်တော်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ဥပ္ပါတသန္တိပါဠိတော်ပူဇော်ပွဲ မဟာမင်္ဂလာ အခမ်းအနားကို ပုသိမ်မြို့၊ သာသနာ့ဗိမာန်တော်တွင်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်မှ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အခမ်းအနားအား “နမောတဿ” (၃)ကြိမ် ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ အရှင်ဉာဏောဘာသ က ရောင်ခြည်တော်ဖွင့် ဘုရားပင့်ဂါထာတော်ဖြင့် သဗ္ဗညုတဘုရားရှင်ကိုပင့်ဆောင်ပူဇော်ခဲ့ပြီး တိုင်းဒေသကြီးသာသနာရေးမှူးရုံး၊ ဒုတိယညွှန်ကြားရေးမှူးမှ ဥပ္ပါတသန္တိပါဠိ တရားတော် မြတ်ကို နာကြားနိုင်ရန် နတ်၊ ဗြဟ္မာတို့အားဖိတ်ကြားခဲ့သည်။

ဆက်လက်၍ နိုင်ငံတော် ဩဝါဒါစရိယ၊ ပုသိမ်မြို့၊ ညောင်ပင်သာပရိယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တဝိဿုတ မဟာထေရ်မြတ်ထံမှ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များကငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြပြီး အလှည့်ကျ ဘာဏက သံဃာတော်အရှင်သူမြတ်များက ဥပ္ပါတသန္တိပါဠိ တရားတော်မြတ်ကို ရွတ်ပွားသရဇ္ဈာယ် ပူဇော်ခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတို့က ဆရာတော်သံဃာတော် အရှင်သူမြတ်များအား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဥပ္ပါတသန္တိပါဠိ တရားတော်မြတ်ကို အလှည့်ကျ ဘာဏကသံဃာတော်အရှင်သူမြတ်များက (၁.၁.၂၀၂၄) ရက်နေ့မှ (၁၀.၁.၂၀၂၄) ရက်နေ့အထိ (၁၀) ရက်တိုင်တိုင် ရွတ်ပွားသရဇ္ဈာယ် ပူဇော်ကြမှာဖြစ်ကြောင်းသိရသည်။

01-Jan-2024