တိုင်းဒေသကြီးဝန်ကြီးချုပ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် ကွန်ကရစ်လမ်းဖွင့်ပွဲများအား တက်ရောက်ဖွင့်လှစ်ပေး
ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖွင့်လှစ်သည့် မြန်အောင်မြို့၊ အမှတ်(၄) ရပ်ကွက်၊ နဝဒေးလမ်းကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား တက်ရောက်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ခေတ္တညွှန်ကြားရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိတို့က တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့ ထံသို့ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ် အမှတ်တရလက်ဆောင်အား ပေးအပ်ခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကွန်ကရစ်လမ်းသစ်အား တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် မြန်အောင်မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းအသုံးစရိတ်ဖြင့် ဆောင်ရွက်ခဲ့ပြီး အလျား ၇၄၀ပေ၊ အကျယ် ၁၂ပေနှင့် ထု၆လက်မရှိပြီး မြန်အောင်မြို့နယ်ဒေသအတွင်း ဖွံ့ဖြိုးတိုးတက်စေရေး၊ မြို့အင်္ဂါရပ်နှင့်အညီ သာယာလှပစေရန် ရည်ရွယ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့နယ်၊ ကညင်ငူကျေးရွာအုပ်စုရှိ တောင်သူ ဦးညွန့်လှိုင် (ပါ)နှစ်ဉီး၏ စိုက်ဧက (၁၀)ဧကတွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ သဘာဝရေလျှံတွင်းဖြင့် စိုက်ပျိုးသော ဆင်းသုခစပါးမျိုး နွေစပါးစိုက်ခင်းအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကာ တောင်သူများ၏ စိုက်ပျိုးရေးဆိုင်ရာလိုအပ်ချက်များအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အင်္ဂပူမြို့နယ်၊ ထူးကြီးမြို့၊ အမှတ်(၃)ရပ်ကွက်ရှိ ဝါဆိုမဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်ဆရာတော် ဦးသုဇာတအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကာ သာသနာရေးဆိုင်ရာ ကိစ္စရပ်များအား လျှောက်ထားတင်ပြခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းအုပ်စု၊ ကြံတောကျေးရွာသို့ရောက်ရှိ၍ ကညင်ရေလှောင်တမံ လက်ဝဲမြောင်းမှ ဆည်ရေရရှိ၍ တောင်သူ ဦးဖြိုးဝင်းလှိုင်၏ စိုက်ဧက (၆)ဧက၌ စက်မှုလယ်ယာစခန်း(ဆွယ်) အင်္ဂပူမြို့မှ မျိုးစေ့ချစက်ဖြင့် ပခန်းရွှေဝါစပါးမျိုး နွေစပါးမျိုးစေ့ချခြင်း သရုပ်ပြပွဲအား တက်ရောက်ကြည့်ရှုအားပေးခဲ့ပါသည်။ ထို့နောက် တာဝန်ရှိသူများက ကညင်ရေလှောင်တမံ စီမံကိန်းဆည်ရေသောက်စနစ်၊ ၂၀၂၃-၂၀၂၄ ခုနှစ်ရိုးပြတ်ကျန်ဧရိယာများအပေါ် ဖော်ထုတ်စိုက်ပျိုးပြီးစီးမှုများအားရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ပျိုးရေရရှိသဖြင့် သီးထပ်စွမ်းအားတိုးတက်ရေးအတွက် တစ်နှစ်သုံးသီးစိုက်ပျိုးကြရန်၊ အထွက်တိုး မျိုးကောင်းမျိုးသန့်များစိုက်ပျိုးကြရန် မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချူပ်သည် အင်္ဂပူမြို့နယ်၊ အမှတ်(၂)ရပ်ကွက် ရွှေတောင်တန်းလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲအား တာဝန်ရှိသူများနှင့် တက်ရောက်ဖွင့်လှစ်ပေးပြီးနောက် တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ခေတ္တညွှန်ကြားရေးမှူး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိတို့က တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ တိုင်းရင်းသားရေးရာ ဝန်ကြီးထံသို့ ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ် လက်ဆောင်အား ပေးအပ်ခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။ အဆိုပါလမ်းသည် အင်္ဂပူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ပြီး အလျား ၇၅၀ပေ၊ အကျယ် ၁၂ပေနှင့် ထု၆လက်မရှိ ကြောင်းသိရသည်။