ရေကြည်မြို့နယ်၊ သူတော်ကုန်းရပ်ရှိ မြို့ဦးစေတီတော်မြတ်ကြီး ထီးတော်တင်လှူပွဲအခမ်းအနားအား တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်၊ အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့၊ ချင်းချောင်းကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်လျက်ရှိသော “ဒီပေး” စေတီတော်မြတ်ကြီး၏ ရွှေထီးတော်တင်လှူပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော် မင်္ဂလာအခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ မြို့မရပ်ကွက်၊ သူတော်ကုန်းရပ်၊ ရေကြည်မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ မင်္ဂလာရာမကျောင်းတိုက်ဆရာတော်မှ ဦးဆောင်နာယကပြု၍ (၇)ရက်သားသမီးများအလှူဖြင့် ပြန်လည်ပြုပြင်လှူဒါန်းခဲ့သော မြို့ဦးစေတီတော်မြတ်ကြီး ထီးတော်တင်လှူပူဇော်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါစေတီတော်မြတ်ကြီး၌ ကျင်းပခဲ့ရာ ထီးတော်တင်လှူပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်‌မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များတက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များသည် အခမ်းအနားအား “နမောတဿ” (၃)ကြိမ်ရွတ်ဆိုပူဇော်၍ဖွင့်လှစ်ခဲ့ပြီးနောက် ​ရေကြည်မြို့၊ ပိဋကတိုက်ကျောင်းဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ထို့နောက် ဦးဆောင်ဆရာတော်ထံသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အလှူရှင်များက မြို့ဦးစေတီတော်မြတ်ကြီး တည်ထားကိုးကွယ်နိုင်ရန်အတွက် အလှူငွေများနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ ဦးဆောင်ဆရာတော်ထံသို့ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်များအား တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အလှူရှင်များက ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။ ထို့နောက် ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ရွှေထီးတော်၊ အရံစေတီထီးတော်များကို စေတီတော်မြတ်ကြီးအား လက်ယာရစ်(၃)ပတ်လှည့်လည်၍ပူဇော်ခဲ့ကြပါသည်။ ထို့​နောက် ​စေတီ​တော်မြတ်ကြီးအား ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ​​ရွှေထီး​တော် ဘုံအဆင့်ဆင့်တို့အား ပန်းရထားဖြင့်တင်လှူဇော်ခဲ့ပြီးနောက် “အောင်ပြီဟု” သုံးကြိမ်ဟစ်ကြွေးပူဇော်၍ ထီးတော်တင်လှူပွဲအခမ်းအနားကို "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်‌မောင်ဝင်းနှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများသည် အင်္ဂပူမြို့နယ်၊ မဲဇလီကုန်းမြို့၊ ချင်းချောင်းကျေးရွာအုပ်စုတွင် တည်ထားကိုးကွယ်လျက်ရှိသော “ဒီပေး” စေတီတော်မြတ်ကြီး၏ ရွှေထီးတော်တင်လှူပွဲနှင့် ဗုဒ္ဓပူဇနိယပွဲတော် မင်္ဂလာအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များသည် အခမ်းအနားအား “နမောတဿ” (၃)ကြိမ်ရွတ်ဆိုပူဇော်၍ဖွင့်လှစ်ခဲ့ပြီးနောက် မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ ဆုတောင်းပြည့်ဘုရားကြီးကျောင်းတိုက်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒေါက်တာ ဘဒ္ဒန္တဝါရိန္ဒမထေရ်အရှင်သူမြတ်ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်အရှင်သူမြတ်များ ရွတ်ပွားချီးမြှင့်တော်မူသော မေတ္တသုတ်ပရိတ်တရားတော်အား ဆက်လက်နာယူ ကြည်ညိုကြသည်။ ထို့နောက် ဒေါက်တာ ဘဒ္ဒန္တဝါရိန္ဒမထေရ်အရှင်သူမြတ်ထံသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့သည် စိန်ဖူးတော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကိုလည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အလှူရှင်များက ဆရာတော် သံဃာတော်အရှင်သူမြတ်များထံသို့ လှူဖွယ်ပစ္စည်းများကိုလည်းကောင်း ဆက်ကပ်လှူဒါန်းခဲ့ပါသည်။ ထို့​​နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အလှူရှင်များက အလှူငွေများကို ဆက်လက်လှူဒါန်းခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

ဆက်လက်၍ မွန်ပြည်နယ်၊ ကျိုက်မရောမြို့၊ ဆုတောင်းပြည့်ဘုရားကြီးကျောင်းတိုက်၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင်၊ သဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ ဒေါက်တာ ဘဒ္ဒန္တဝါရိန္ဒမထေရ်အရှင်သူမြတ်ထံမှ အနုမောဒနာတရားများ နာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ပြီး အခမ်းအနားကို "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး အမှူးပြုသော ဘုရားဒါယကာများက ရတနာစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့အား ပင့်ဆောင်ကာ စေတီတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်ပူဇော်၍ စေတီတော်မြတ်ကြီးထံသို့ ပန်းရထားဖြင့်တင်လှူပူဇော်ခဲ့ပြီး ရတနာ​ရွှေမိုး​ငွေမိုးများ ရွာသွန်းဖြိုးခဲ့ပါသည်။ ထို့​နောက် တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးသည် ​စေတီ​တော်မြတ်ကြီးအား ပန်း၊ ​ရေချမ်း ကပ်လှူပူ​ဇော်ပြီး ကဗ္ဗည်း​မော်ကွန်းအား အ​မွှေးနံ့သာရည်များပက်ဖျန်းခဲ့ကြပါသည်။

27-Dec-2023