ဒီဇင်ဘာလူထုအားကစားလ စတုတ္ထပတ်စုပေါင်းလမ်းလျှောက်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ပါဝင်ဆင်နွှဲ
တစ်မျိုးသားလုံးကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဒီဇင်ဘာလအား လူထုလှုပ်ရှား အားကစားလအဖြစ် သတ်မှတ်၍ နှစ်စဉ်နှစ်တိုင်း စုပေါင်းလမ်းလျှောက်ပွဲကို ပြုလုပ်လျှက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၌လည်း စုပေါင်း လမ်းလျှောက်ပွဲကို ယနေ့နံနက်ပိုင်းက ရွှေရုပ်တုအဝိုင်းရှေ့၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြည်သူများပါဝင်ဆင်နွှဲခဲ့ကြသည်။
စုပေါင်းလမ်းလျှောက်ပွဲကို တိုင်းဒေသကြီးဝန်ကြီးချုပ်က သေနတ်ပစ်ဖောက်၍ လမ်းလျှောက်ပွဲအား ဖွင့်လှစ်ပေးပြီးနောက် ရွှေရုပ်တုအဝိုင်းရှေ့မှစတင်၍ မဟာဗန္ဓုလလမ်းမကြီး အတိုင်းတပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြပြီး ကိုးသိန်းအားကစားကွင်းတွင် ကိုယ်လက် လှုပ်ရှားလေ့ကျင့်ခန်းများ၊ Physical Fitness dance များအား အတူတကွ စုပေါင်းဆောင်ရွက်ခဲ့ကြသည်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဒီဇင်ဘာလစတုတ္ထပတ် စုပေါင်းလမ်းလျှောက်ပွဲသို့ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဒေသခံပြည်သူများ စုစုပေါင်း(၃၅၀၀)ကျော် တပျော်တပါး ပါဝင်ဆင်နွှဲခဲ့ကြကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ် လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများသည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း၌ပြုလုပ်သည့် ဒီဇင်ဘာလူထုအားကစားလ ဌာနပေါင်းစုံ ဘော်လီဘောပြိုင်ပွဲ(အမျိုးသမီး) ဗိုလ်လုပွဲစဉ် ယှဉ်ပြိုင်ကစား နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ ဒုတိယဆုရရှိသည့် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုကို တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ ပထမဆုရရှိသည့် တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာနအသင်းအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုကို တိုင်းဒေသကြီးဝန်ချုပ်ကလည်းကောင်း ဆုများချီးမြှင့်ခဲ့ကြပြီး လုံခြုံရေးနှင့်နယ်စပ်ရေးဝန်ကြီးနှင့် မီးသတ်ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးတို့က ပထမဆုရရှိသည့်အသင်းအား ဂုဏ်ပြုချီးမြှင့်ငွေများ ထပ်မံချီးမြှင့်ခဲ့ကြသည်။