၂၀၂၃-၂၀၂၄ ပညာသင်နှစ် ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်တက်ရောက်
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်၏ ဘွဲ့နှင်းသဘင်ခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် အတူ တက်ရောက်ခဲ့ပြီး ကြိုဆိုနှုတ်ခွန်းဆက်စကားများပြောကြားခဲ့သည်။
ဦးစွာ ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)မှ ကျောင်းသား၊ ကျောင်းသူများက“ ဧရာဝတီရဲ့ နှလုံးသား” သီချင်းဖြင့်အခမ်းအနားအား သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကြိုဆိုနှုတ်ခွန်းဆက် အမှာစကားပြောကြားရာ "၂၀၂၃-၂၀၂၄ပညာသင်နှစ် ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)၏ ယနေ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲခမ်းအနားသည် မင်္ဂလာ ရှိသော နေ့တစ်နေ့ဖြစ်ပါကြောင်း၊ ယနေ့ကမ္ဘာတစ်ဝန်းတွင် နိုင်ငံအသီးသီးသည် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်း (Digital Transformation) အစီအစဉ်များအား ဦးစားပေး၍ အရှိန် အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာစေရန် အတွက် နယ်ပယ်အသီးသီးတွင် Digital Economy ၊ Digital Government ၊ Digital Infrastructure နှင့် Digital Community အစရှိသည့် ဒစ်ဂျစ်တယ်အသွင်သို့ ကူးပြောင်း ဆောင်ရွက်ခြင်းအားဖြင့် ကမ္ဘာလုံးဆိုင်ရာတန်ဖိုးကွင်းဆက် (The Global Value Chain) သို့ ချိတ်ဆက်လာနိုင်ကြပြီး တန်ဖိုးမြင့်မားသော အကျိုးရလဒ်များကို ရရှိခဲ့ကြသည်ကို တွေ့မြင်ကြရမည်ဖြစ်ပါကြောင်း၊ အဆင့်မြင့်ပညာများကိုလေ့လာသင်ယူကြမည့် ကျောင်းသား၊ ကျောင်းသူများသည် ကိုယ်ပိုင် အတွေးအခေါ်များ၊ လေ့လာတီထွင်မှုများဖြင့် သင်ယူကြရမှာ ဖြစ်ပါကြောင်း၊ တက္ကသိုလ်ကြီးမှ ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာများတွင် ကျွမ်းကျင်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးပြီး တက္ကသိုလ်ဂုဏ်၊ တိုင်းဒေသကြီးဂုဏ်နှင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်သည့်သူများ ဖြစ်လာစေရန်လည်း မျှော်မှန်းပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုသည် ထိုနိုင်ငံတွင် ရှိသော အသိပညာ၊ အတတ်ပညာရှင်များပေါ်မှာ မူတည်သည့်အတွက် အနာဂတ်မှာ နိုင်ငံတော် က အားထားရသော အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင် ကြိုးစားကြရန်လိုပါ ကြောင်း၊ ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)အနေဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံတော်က အားထားရသော ICT ဆိုင်ရာ အသိပညာရှင်၊ အတတ်ပညာရှင်များဖြစ်အောင် ပြုစုပျိုးထောင်ပေးကြရန် မှာကြားလိုပါကြောင်း၊ ကျောင်းသူ၊ ကျောင်းသားအားလုံး ဧရာဝတီ တိုင်းဒေသကြီး၏ ဖွံဖြိုးတိုးတက်မှုမှသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် ကျရာ ကဏ္ဍမှ အုတ်တစ်ချပ်၊ သဲတစ်ပွင့် အနေဖြင့် ပါဝင်ထမ်းဆောင်နိုင်သော အသိပညာရှင်၊ အတတ် ပညာရှင် များဖြစ်အောင် ကြိုးစားကြရန်လိုပါကြောင်း” ပြောကြားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)အတွက် ဂုဏ်ပြုထောက်ပံ့ငွေများ ပေးအပ်ချီးမြှင့်ခဲ့ရာ ဒုတိယပါမောက္ခချုပ်က လက်ခံရယူခဲ့ပါသည်။ ထို့နောက် ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)ဒုတိယပါမောက္ခချုပ်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ကွန်ပျူတာတက္ကသိုလ်(ပုသိမ်)မှ ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပါသည်။