နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာရှိ ဓာတုကင်းလွတ် ရေကြည်ပေါ်ဆန်း ဧက (၂၀၀) စံပြစိုက်ခင်းအား ကြည့်ရှုအားပေး

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ရေကြည်မြို့နယ်၊ နွားရေတိုက်ကျေးရွာရှိ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါး " ဓာတုကင်းလွတ် ရေကြည်ပေါ်ဆန်း" ဧက (၂၀၀) စံပြစိုက်ခင်းအား သွားရောက်ကြည့်ရှုအားပေးခဲ့ရာ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးတို့မှ ရေကြည်မြို့နယ်၊ မိုးစပါးစိုက်ပျိုးမှု အခြေအနေများအား လည်းကောင်း၊ နွားရေတိုက်ကျေးရွာတွင် ဓါတုကင်းလွတ် ပေါ်ဆန်းစိုက်ပျိုးမှုအခြေအနေများအားလည်းကောင်း၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ဒေသသုတေသနဗဟိုဌာန (မြောင်းမြ)၏ သုတေသနအရာရှိ (တာဝန်ခံ)မှ ဓာတုကင်းလွတ် ရေကြည်ပေါ်ဆန်းစိုက်ပျိုးမှု အခြေအနေများ၊ သဘာဝမြေသြဇာအသုံးပြု စိုက်ပျိုးမှု အခြေအနေများ၊ ပေါ်ဆန်းစပါးမျိုးကွဲများ၏ အထွက်နှင့်အထွက်နှုန်း မိတ်ဖက်လက္ခဏာများအား သုတေသနဆောင်ရွက်ချက် ရလဒ်များအားလည်းကောင်း၊ တောင်သူဦးကြည်ခိုင်စိုးမှ မြေဆွေး၊ နွားချေးမှုန့်၊ ဖွဲနု၊ ထုံး၊ ဒရိုင်ဂိုဒါးမား၊ ဟူးမားသဘာဝမြေဩဇာတို့အား အချိုးကျရောစပ်၍ သဘာဝမြေဩဇာ ထုတ်လုပ်သုံးစွဲမှု အခြေအနေများအားလည်းကောင်း အသီးသီးရှင်းလင်းတင်ပြခဲ့ကြပြီး ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးစပါး " ဓာတုကင်းလွတ် ရေကြည် ပေါ်ဆန်းတစ်ဧကအထွက်နှုန်းစမ်းသပ်မှုအားကြည့်ရုအားပေးခဲ့သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်က တောင်သူများ၊ ဌာနဆိုင်ရာများအား သဘာဝမြေဩဇာ အသုံးပြုမှုကြောင့် မြေဆီလွှာပြန်လည်ကောင်းမွန်လာမှု၊ ဆန်/ စပါးအရည်အသွေး တိုးတက်ကောင်းမွန်လာမှုအခြေအနေများဆွေးနွေးမေးမြန်းခဲ့ပြီး သဘာဝမြေဩဇာအသုံးပြု၍ ဓါတုကင်းလွတ်ပေါ်ဆန်းများ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်စေရေး၊ ခေတ်မီနည်းပညာ အကူအညီများဖြင့် အနံ့အရသာနှင့်ပြည့်စုံသည့် အရည်အသွေးပြည့် ဆန်များထွက်ရှိစေရေး၊ သဘာဝမြေဩဇာသုံးစွဲခြင်းဖြင့်ရရှိလာသည့်အကျိုးကျေးဇူးများအား တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေး၊ အထွက်တိုးသည့် ပေါ်ဆန်းမျိုးစပါးများ ပြောင်းလဲစိုက်ပျိုးစေရေးနှင့် စိုက်ပျိုးရေး သုတေသန၊ ထုတ်လုပ်ရေးသုတေသနနှင့် ဈေးကွက်သုတေသနလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန်နှင့် တိုင်းဒေသကြီး၏စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုတိုးတက်အောင်မြင်စေရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး ဓာတုကင်းလွတ် ရေကြည်ပေါ်ဆန်း စိုက်ပျိုးသည့်တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အမှတ်တရဓါတ်ပုံများရိုက်ကူးခဲ့သည်။

17-Dec-2023