နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ကျုံ‌ပျော်ခရိုင်၌ပြုလုပ်သည့် (MSMEs)ဒေသထွက်ကုန်ပစ္စည်းများ ပြပွဲအားတက်ရောက်ကြည့်ရှုအားပေး၊ ခရိုင်အတွင်းရှိဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ တောင်သူများနှင့်တွေ့ဆုံ

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက ကျုံ‌ပျော်ခရိုင်၌ပြုလုပ်သည့် (MSMEs)ဒေသထွက်ကုန်ပစ္စည်းများ ပြပွဲအားတက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး မြို့နယ်အားကစားခန်းမတွင် ခရိုင်အတွင်းရှိဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ တောင်သူများနှင့် တွေ့ဆုံခဲ့သည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် GBS ကုမ္ပဏီမှပြသထားသည့် စက်ပစ္စည်းအရောင်းပြခန်း၊ ကျုံပျော်မြို့နယ်မှပြသထားသည့် မြန်မာ့ပီလောပီနံနှင့် ပီလောပီနံ ကော်မှုန့်ပါဝင်သည့် လူသုံးကုန်၊ စားသောက်ကုန်၊ ပီလောပီနံ ပျော့ဖတ်တိရစ္ဆာန်အစာ၊ ပီလောပီနံမှထုတ်လုပ်သောသဘာဝမြေဩဇာ၊ ငှက်ပျောနှင့် ငှက်ပျော်ချည်ဖြင့်ပြုလုပ်သည့် လက်မှုထည်များ၊ ဒေသထွက်ထုတ်ကုန်များပြခန်း၊ ကျောင်းကုန်းမြို့နယ်မှပြသထားသည့် ကြက်အူချောင်း၊ ဝက်အူချောင်း၊ ဆီထွက်ကုန်ပစ္စည်းများ၊ ဆန်နှင့်ထွက်ကုန်ပစ္စည်းများပြခန်း၊ ငါးလုပ်ငန်းဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနပြခန်း၊ ရေကြည်မြို့နယ်မှပြသထားသည့် ဒေသထွက်ကြိမ်၊ ဝါး၊ ဗေဒါ လက်မှုပစ္စည်းများ၊ နုထွေးလက်ဖက်နှင့်ဂျင်းသုပ်လုပ်ငန်းမှ ထုတ်ကုန်ပစ္စည်းများပြခန်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ပြီး ဒေသထွက်ကုန်ပစ္စည်းများအား တိုးတက်ထုတ်လုပ်နိုင်ရေးနှင့် ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်အထိ တင်ပို့ရောင်းချနိုင်ရေး မှာကြားခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ကျုံပျော်ခရိုင်အတွင်းရှိဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ တောင်သူများနှင့်တွေ့ဆုံခဲ့ရာ ဉီးစွာ ကျုံပျော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက ကျုံပျော်ခရိုင်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများအား ရှင်းလင်းတင်ပြသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က“ ယခုကဲ့သို့ ကျုံပျော်ခရိုင်အတွင်းမှ ဌာနဆိုင်ရာများ၊ ပြည်သူများ၊ တောင်သူများနှင့်တွေ့ဆုံခွင့်ရသည့်အတွက် ကျေးဇူးတင်ဝမ်းသာဂုဏ်ယူရပါကြောင်း၊မိမိတို့နိုင်ငံသည် တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်သည့်နိုင်ငံဖြစ်သည့်အတွက် တစ်ဦးနှင့်တစ်ဉီး နားလည်ရန်နှင့် တစ်ဦး၏အခက်အခဲကို တစ်ဦးကဖေးမကူညီရန်လိုအပ်ပါကြောင်း၊ နိုင်ငံသားတိုင်းအနေဖြင့် မိမိတို့၏ နောင်လာနောင်သားများအား ကောင်းသည့်သမိုင်းကြောင်းမှတ်တမ်းများကို လက်ဆင့်ကမ်းပေးရန်လိုပါကြောင်း၊ တိုင်းပြည်ငြိမ်းချမ်းမှ ဖွံ့ဖြိုးတိုးတက်မှုများ ရရှိလာနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် မဲမသမာမှုများကြောင့် နိုင်ငံတော်အာဏာကို ထိန်းသိမ်းရယူဆောင်ရွက်ခဲ့ရပါကြောင်း၊ ၂၀၂၄ခုနှစ် သန်းခေါင်စာရင်းကောက်ယူ ထုတ်ပြန်အတည်ပြုပြီးပါက လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲအား ကျင်းပမည်ဖြစ်ပြီး အသက်(၁၈)နှစ်ပြည့်ပြီးသူတိုင်း မဲပေးခွင့်များရရှိလာမည်ဖြစ်ပါ‌ကြောင်း၊ မိမိတို့နိုင်ငံသည် တိုင်းရင်းသားပေါင်းစုံမှီတင်းနေထိုင်သည့် နိုင်ငံဖြစ်သည်နှင့်အညီ တိုင်းပြည်အား စုပေါင်းခေါင်းဆောင်မှုဖြင့်သာ သွားရမည်ဖြစ်ပါကြောင်း၊ လူမျိုးတိုင်း ပါတီတိုင်းသည် နိုင်ငံတော်ကိုခေါင်းဆောင်သည့်အခါ ကိုယ်စီတာဝန်ယူ၍ စုပေါင်းခေါင်းဆောင်မှုဖြင့် ပါတီစုံဒီမိုကရေစီစနစ်ကို ဖော်ဆောင်သွားမည်ဖြစ်ပါကြောင်း၊ ယနေ့တိုင်းပြည်တွင်ဖြစ်ပေါ်နေသည့် အကြမ်းဖက်မှုများသည် အသိပညာချို့တဲ့ခြင်း၊ ဆင်ခြင်တုံတရားနည်းပါးခြင်းကြောင့် အာဏာနိုင်ငံ‌ရေးကို အသက်သွင်းလိုသူ လူတစ်စု၏ အဖျက်အားပေးဆွဲဆောင်စည်းရုံးခံရမှုကြောင့် ဖြစ်ပါကြောင်း၊ အသိပညာချို့တဲ့ခြင်းကြောင့် နိုင်ငံတော်မှပညာရေးကို အစွမ်းကုန်မြှင့်တင်ကြိုးစားဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊တိုင်းပြည်အပေါ်စေတနာရှိသည့် သဘောထားပြည့်ဝသည့် ခေါင်းဆောင်များကို ရွေးချယ်နိုင်ရန်လိုအပ်ပါပါကြောင်း၊ နယ်မြေဒေသတစ်ခုအေးချမ်းတည်ငြိမ်မှုရှိသည့်အခါ နိုင်ငံတော်၏ ရည်မှန်းချက်များအား ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက် အကောင်အထည်ဖော်ဆောင်ရွက်ခွင့်ရရှိမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးေကာင်စီအနေဖြင့်

ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်တို့အား ချမှတ်အကောင်အထည်ဖော်လျက်ရှိရာ နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက် စေရေး ကဏ္ဍစုံကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံသားတိုင်းအနေဖြင့်လည်း ကိုယ်စီကိုယ်စီကိုယ့်တာဝန်ကျေပွန်၍ တိုင်းပြည်၏မျက်နှာ ပြည်သူ၏မျက်နှာကိုထောက်ထား၍ ဒေသဖွံ့ဖြိုးရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသားတစ်ဦး၏တာဝန်ကို ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း” လမ်းညွှန်အမှာစကားပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမျိုးသားရေးလုပ်ငန်းစဉ် (၂)ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးများကိုလည်း အင်တိုင်အားတိုက် ဆောင်ရွက်နေသည့် တိုင်းဒေသကြီးလည်းဖြစ်ပါကြောင်းနှင့် ကျေးလက်နေလူဦးရေအများဆုံးနေထိုင်သည့် တိုင်းလည်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးသည် ကျောင်းတက်ရောက်မှု၊ ကျောင်းဖွင့်လှစ်မှု၊ အတန်းစဉ်ကူးပြောင်းမှုနှင့် အောင်ချက်မြင့်မားသော တိုင်းဒေသကြီးဖြစ်ပြီး ရေခံမြေခံကောင်းမွန်သည့် ပညာရေးကဏ္ဍတိုးတက်မြင့်မားကာ လူ့စွမ်းအားအရင်းအမြစ်များစွာ မွေးထုတ်ရာတိုင်းဒေသကြီးလည်းဖြစ်ပါကြောင်း၊ စနစ်သစ် Grade-12 တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက်မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ သိကောင်းစရာ ဆွေးနွေးဟောပြောပွဲများအား တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးနှင့် အခြေခံပညာ အထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများပူးပေါင်း၍ ပုသိမ် တက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ်နှင့် မအူပင်တက္ကသိုလ်တို့တွင် ဇုန်ကြီး(၃)ဇုန်ခွဲ၍ ပြုလုပ်ခဲ့ပါကြောင်း၊ တိုင်းဒေသကြီး၏ စိုက်ပျိုလုပ်ငန်များပန်းတိုင်အထွက်နှုန်းရရှိစေရေးဆောင်ရွက်လျက်ရှိပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းများတိုးတက်စေရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရံပုံငွေဖြင့် ထောက်ပံ့ဆောင်ရွက်ပေးလျက်ရှိရာ ဌာနဆိုင်ရာများ၊ တောင်သူကြီးများက စိုက်ပျိုးရေးလုပ်ငန်းပိုမိုတိုးတက်အောင်မြင်စေရေးနှင့် စိုက်ပျိုးရေးစံပြတိုင်းဒေသကြီးဖြစ်စေရေး ဆောင်ရွက်ပေးကြရန်နှင့် ရည်မှန်းချက်များအား အောင်မြင်အောင် ပူးပေါင်းဆောင်ရွက် ပေးကြစေလိုကြောင်း” အမှာစကားပြောကြားသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်တို့သည် နိုင်ငံစီးပွားမြှင့်တင်ရေးနွေစပါးစီမံကိန်း သွင်းအားစုများအား ကျုံပျော်မြို့နယ်၊ ရေကြည်မြို့နယ်၊ ကျောင်းကုန်းမြို့နယ်များမှ တောင်သူများထံသို့ပေးအပ်ခဲ့ပြီးနောက် ရေကြည်မြို့နယ်အတွင်းမှ ဒေသခံတောင်သူတစ်ဦးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ကာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က နိဂုံးချုပ်အမှာစကားများပြောကြားခဲ့သည်။

17-Dec-2023