နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ကြံခင်းမြို့နယ်၌ ပြုလုပ်သည့် အရှိုချင်းရိုးရာ ကောက်သစ်စားပွဲတော် မိတ်ဆုံစားပွဲအား တက်ရောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်သည့် အရှိုချင်းရိုးရာ ကောက်သစ်စားပွဲတော် မိတ်ဆုံစားပွဲ အခမ်းအနားအား တက်ရောက်ခဲ့သည်။

အရှိုချင်းရိုးရာ ကောက်သစ်စားပွဲတော် မိတ်ဆုံစားပွဲ အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က“ အရှိုချင်းလူမျိုးများသည် ရှေးယခင်အချိန်မှစပြီး တောင်ယာလုပ်ငန်း၊ အမဲလိုက်ခြင်းလုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိပြီးတောင်ယာနှင့်ပတ်သက်သော ပွဲတော်များအနက် "ကောက်သစ်စားပွဲ"သည် အရှိုချင်းတို့၏ အဓိကကျသော ပွဲတော်တစ်ခုပင် ဖြစ်ပါကြောင်း၊ အရှိုချင်းတို့၏ ကောက်သစ်စားပွဲတော်ကို နှစ်စဉ်နှစ်တိုင်း ကျင်းပကြပြီး ကောက်သစ်စားပွဲအား အရှိုဘာသာစကားဖြင့် "စောင်ထာအေဘွေ" ဟုခေါ်ဆိုကြသည်ကိုလည်း သိရှိရပါကြောင်း၊ အရှိုချင်းတို့၏ ကောက်သစ်စားပွဲကို စပါးပင်များ ရင့်သန်လာသည့်“နတ်တော်လ” အချိန်တွင်ကျင်းပလေ့ရှိသည်ကို မှတ်သားသိရှိရပါကြောင်း၊ ချင်းတိုင်းရင်းသားများအနေဖြင့် မိမိတို့၏ ကောင်းမြတ်သောဓလေ့ထုံးတမ်း အစဉ်အလာများကို ဘိုးဘွားများ လက်ဆင့်ကမ်းထိန်းသိမ်းလာသကဲ့သို့ ချင်းတိုင်းရင်းသား မောင်မယ်များကိုလည်း လက်ဆင့်ကမ်း ထိန်းသိမ်းတတ်စေရေး ဆောင်ရွက်ကြရန်နှင့် မိမိတို့တိုင်းရင်းသားစာပေ၊ ယဉ်ကျေးမှုနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုကြီးတည်ဆောက်ရေး တို့တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက် (၉)ရပ်တို့အား ချမှတ်အကောင်အထည်ဖော်လျက်ရှိရာ တိုင်းရင်းသားပြည်သူလူထု၏ ဝိုင်းဝန်းကြိုးပမ်းမှုကြောင့် ေဒသတွင်း လုံခြုံမှု၊ တည်ငြိမ် အေးချမ်းမှုနှင့်ဖွံ့ဖြိုးမှုတို့သည်များစွာ တိုးတက်ဖြစ်ထွန်းလာခဲ့ပါကြောင်း၊ မိမိတို့နိုင်ငံတွင် ကျေးလက်နေလူဦးရေ (၇၀) ရာခိုင်နှုန်းကျော် ရှိသဖြင့် စီးပွားရေးမြှင့်တင်မှုများ ဆောင်ရွက်ချိန်တွင်ကျေးလက်နှင့်မြို့ပြ ကွာခြားချက်များ အနည်းဆုံးဖြစ်အောင် လျှော့ချနိုင်ရန် လိုအပ်သည့်အတွက် ကျေးလက်နေပြည်သူများ ဘဝတိုးတက်အောင် စဉ်းစားဆောင်ရွက်လျက် ရှိပါကြောင်း၊ သို့မှသာ မိမိတို့တိုင်းပြည်ရေရှည်အကျိုး စီးပွားများ ဖြစ်ထွန်းမည်ဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံ၊ မိမိဒေသ၏ ဂုဏ်ယူဝင့်ကြွားဖွယ်ရာ အမွေအနှစ်များ၊ဓလေ့ထုံးစံများကို လေးစားလိုက်နာပြီး အမျိုးသားယဉ်ကျေးမှုစရိုက်လက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရန် မိမိဒေသအတွင်းရှိ ပြည်သူလူထုသာမက နိုင်ငံသားတိုင်း အားလုံး တာဝန်ရှိပါကြောင်း၊ ထိုတာဝန်ကိုတက်ညီလက်ညီ ဝိုင်းဝန်းဆောင်ရွက်ရင်း ပြည်ထောင်စုစိတ်ဓာတ်၊ မျိုးချစ်စိတ်ဓာတ်ကိုအခြေခံ၍ တိုင်းဒေသကြီး၏အကျိုး၊ ပြည်ထောင်စု၏အကျိုးတို့ကို ထာဝစဉ်သယ်ပိုးနိုင်ပါစေကြောင်း”အမှာစကားပြောကြားသည်။

ဆက်လက်၍ တိုင်း‌ဒေသကြီးဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမျိုးသားရေးလုပ်ငန်းစဉ် (၂)ရပ်ဖြစ်သည့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေးကို ကြိုးပမ်းဆောင်ရွက်နေသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ ယခုကဲ့သို့ကောက်သစ်စားပွဲအား ကျင်းပဆောင်ရွက်နိုင်ခြင်းသည် တိုင်းဒေသကြီး၏ တည်ငြိမ်အေးချမ်းမှုရှိခြင်းနှင့် နယ်မြေဒေသ၏ စိုက်ပျိုးရေးဖြစ်ထွန်း အောင်မြင်မှုများကြောင့်လည်းဖြစ်ပါကြောင်း၊ မိမိတို့ဧရာဝတီတိုင်းဒေသကြီးသည် တိုင်းရင်းသား လူမျိုးပေါင်းစုံမှီတင်းနေထိုင်လျက်ရှိပြီး တိုင်း​ဒေသကြီးအစိုးရအဖွဲ့အ​နေဖြင့် တိုင်း​ဒေသကြီးအတွင်းမှီတင်​နေထိုင်ကြသည့် တိုင်းရင်းသားများ၏ တိုင်းရင်းသားစာ​ပေသင်ကြား​ရေး၊ တိုင်းရင်းသားရိုးရာဓ​လေ့ပွဲ​တော်များ၊ ​နေ့ထူး​နေ့မြတ်များနှင့် တိုင်းရင်းသား​ရေးရာကိစ္စရပ်များအား အစဥ်အလာမပြတ် ကျင်းပနိုင်​စေ​ရေး ​ဆောင်ရွက်​ပေးလျှက်ရှိပါ​ကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးတွင် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း တိုင်းရင်းသား(၈)မျိုးလုံး စုပေါင်းနေထိုင်ကြပြီး နေထိုင်မှုအများဆုံး တိုင်းရင်းသားများမှာ ဗမာ၊ ကရင်၊ ရခိုင်နှင့်ချင်း တိုင်းရင်းသားများဖြစ်ကြပါကြောင်း၊ တိုင်းရင်းသား လူမျိုးများစွာဖြင့် စုစည်းနေထိုင်လျက်ရှိသော မိမိတို့နိုင်ငံအနေဖြင့် တိုင်းရင်းသားစည်းလုံး ညီညွတ်မှုနှင့် အမျိုးသားရေးစိတ်ဓာတ်တို့မှာလည်း မည်မျှအရေးကြီးကြောင်း သမိုင်းကပြသလျက်ရှိသည့်အတွက် ပြည်ထောင်စုအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား ပြည်သူအားလုံးသည် အေးအတူပူအမျှ အတူတကွ လက်တွဲနေထိုင်ကြပြီး စစ်မှန်သော မျိုးချစ်စိတ်ဓာတ်ဖြင့် နိုင်ငံတော်ကိုဘက်ပေါင်းစုံမှ ကာကွယ်စောင့်ရှောက်သွားကြရန် ” နှုတ်ခွန်း‌ဆက်စကားများပြောကြားခဲ့သည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌက ဆုတောင်းမေတ္တာများပို့သခဲ့ပြီး အတွင်းရေးမှူးက ကျေးဇူးတင်စကားများပြောကြားခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် ချင်းတိုင်းရင်းသူများ၏ တေးသီချင်းများ၊ ရိုးရာအကများဖြင့် သီဆိုကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။ ထို့နောက် အရှိုချင်းရိုးရာ​ကောက်သစ်စားပွဲ​တော် မိတ်ဆုံစားပွဲကို ဆက်လက်ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် ဒေသခံချင်းတိုင်းရင်းသားများနှင့် ချစ်ကြည်ရင်းနှီးစွာ ​နေ့လယ်စာများ အတူတကွသုံး​ဆောင်ခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကြံခင်းမြို့နယ်၊ သောကြာဒူးကျေးရွာ၌ တောင်သူဦးဇော်ခိုင်၏ စိုက်ဧက (၀.၅၀)ဧကတွင် ဆင်းရွှေကြာ-၂ ဆောင်းနေကြာစိုက်ပျိုးထားရှိမှုအားကြည့်ရှုအားပေးခဲ့ရာ တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲနှင့်စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူးတို့မှ မြန်အောင်ခရိုင်အတွင်း နေကြာစိုက်ပျိုးထားရှိမှုနှင့် မိုးနေကြာဖြစ်ထွန်းအောင်မြင်မှုအခြေအနေများရှင်းလင်းတင်ပြခဲ့ကြသည်။

ထို့နောက် တောင်သူများနှင့်တွေ့ဆုံခဲ့ပြီး ဆီဖူလုံစေရေးအတွက် နေကြာအပါအဝင်ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနေမှုအခြေအနေများ၊ သီးထပ်စွမ်းအားမြှင့်တင်စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးမြေများအားမြေလွတ်မြေလပ်များမကျန်ရှိစေရေးစိုက်ပျိုးကြရန်ဆွေးနွေးပြောကြားခဲ့ပြီး တောင်သူများ၏တင်ပြချက်များအပေါ်သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူဦးအေးထွန်း၏ စိုက်ဧက(၀.၅၀)ဧက ဆင်းရွှေကြာ-၂ မိုးနေကြာစိုက်ခင်းနှင့် တောင်သူဦးကြည်ညွန့်၏ စိုက်ဧက(၁.၅၀)ဧက၌ ဆင်းရွှေကြာ-၂ မိုးနေကြာစိုက်ခင်းတို့၏ ဖြစ်ထွန်းအောင်မြင်နေမှုများကိုကြည့်ရှုအားပေးခဲ့ပြီးရိတ်သိမ်းချိန် လေလွင့်မှုမရှိစေရေး၊ စနစ်တကျရိတ်သိမ်းစေရေးမှာကြားခဲ့သည်။

16-Dec-2023