ဧရာဝတီတိုင်းဒေသကြီးနှင့် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ သတ်မှတ်မြို့နယ် (၅)မြို့နယ်တွင် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)တွင်ပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ကျောင်းပြင်ပနှင့်တစ်သက်တာပညာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်(စီမံ)က ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးလုပ်ငန်းစီမံချက်၊ လုပ်ငန်းနယ်ပယ်ရွေးချယ်သတ်မှတ်ခြင်း၊ စာသင်သားနှင့် စာသင်ဝိုင်းစာရင်းကောက်ယူစုစည်းခြင်း၊ စာသင်သား၊ စာသင်ဝိုင်း၊ နည်းပြ၊ ကြီးကြပ်များအားထောက်ပံ့ပစ္စည်းများပေးအပ်ခြင်း၊ နည်းပြသင်တန်းကျင်းပခြင်း၊ သင်ကြားသင်ယူမှုလုပ်ငန်းများဆောင်ရွက်ခြင်း စသည်တို့ကို Power Point ဖြင့်ရှင်းလင်းတင်ပြသည်။

ဆက်လက်၍တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ၂၀၂၄ခုနှစ် သန်းခေါင်စာရင်းနှင့် ၂၀၁၉ခုနှစ် ကြားဖြတ်လူဦးရေနှင့် သန်းခေါင်စာရင်းများအရ ဧရာဝတီတိုင်းဒေသကြီးအတွင်း စာတတ်‌ေမြာက်ခြင်းမရှိသူများ စာရင်းအရ အရေး၊ အဖတ်နှင့် အတွက်အချက်များ တတ်မြောက်လာစေရန် ဆောင်ရွက်ပေးပါက တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူရရှိမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စာတတ်မြောက်မှု ရာခိုင်နှုန်း များသော်လည်း စာမတတ်သူများလည်း ရှိနေသေးပါကြောင်း၊ ငယ်စဉ်က မူလတန်းပညာပြီးဆုံးအောင်မသင်ကြားခဲ့သူများ၊ ကျောင်းမနေခဲ့ရသူများ စာတတ်မြောက်ရန်နှင့် စဉ်ဆက်ပညာရေးအားသင်ကြားနိုင်ရန်လိုအပ်ပါကြောင်း၊ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းစဉ်နှင့် ပတ်သက်၍ စုဖွဲ့မှုများကြိုတင်ဆောင်ရွက်ထားရှိပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လိုအပ်သည်များဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း” အမှာစကားများ ပြောကြားခဲ့သည်။ ထို့နောက် အစည်းဝေးသို့တက်ရောက်လာသူများ၏ အကြံပြုတင်ပြချက်များအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က စာတတ်မြောက်ရေးလုပ်ငန်း အောင်မြင်စွာဆောင်ရွက်နိုင်ရေး တာဝန်ရှိသူများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ပေးခဲ့သည်။

09-Dec-2023