တိုင်းဒေသကြီးဝန်ကြီးချုပ် ရေကြည်မြို့အခြေခံပညာအထက်တန်းကျောင်းရှိ တေဇာသီရိခန်းမဆောင်ဖွင့်ပွဲနှင့် (၃၇)ကြိမ်မြောက် အာစရိယပူဇော်ပွဲ အခမ်းအနားသို့ တက်ရောက်

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ရေကြည်မြို့အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ၊ ကျောင်းသားကျောင်းသူဟောင်းများစုပေါင်းလှူဒါန်း ငွေဖြင့် ဆောင်ရွက်သည့်တေဇာသီရိခန်းမဆောင်ဖွင့်ပွဲသို့ တက်ရောက်ခဲ့ပြီး တာဝန်ရှိသူများနှင့်အတူ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကမ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ပြီး ခန်းမပြင်ဆင်ထားရှိမှုများအားလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဘင်ခရာအဖွဲ့နှင့် ပန်းပွားအကအဖွဲ့တို့အား ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

ဆက်လက်၍ အဆိုပါ တေဇာသီရိခန်းမ၌ (၃၇)ကြိမ်မြောက် အာစရိယပူဇော်ပွဲအခမ်းအနားတက်ရောက်ခဲ့ရာ ကျောင်းသား၊ကျောင်းသူဟောင်းနှစ်ဦးက“အိုဘယ့်မြတ်ဆရာ”သီချင်းဖြင့်ပူဇော်သီဆို ဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ရေကြည်မြို့အခြေခံပညာအထက်တန်းကျောင်း၏ ဆရာကြီး၊ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲကို နှစ်စဉ်နှစ်တိုင်း အမျိုးသားအောင်ပွဲနေ့တွင် ကျင်းပပြုလုပ်ခဲ့သည်မှာ(၃၇)ကြိမ်မြောက် ရှိပြီဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ကန်တော့ခံ ဆရာကြီး၊ ဆရာကြီးများ၏ သွန်သင်ဆုံးမမှုအောက်တွင် ကြီးပြင်းခဲ့ရပြီး နိုင်ငံ့တာဝန်များကိုလည်း ထမ်းဆောင်ခွင့်ရခဲ့ပါကြောင်း၊ ယခုအာစရိယပူဇော်ကန်တော့ပွဲ ပြုလုပ်သည့် တေဇာသီရိခန်းမဆောင်အား ပြည်ထောင်စုရန်ပုံငွေ၊ တပည့်ဟောင်းများ၏ စုပေါင်းလှူဒါန်းမှုများ၊ စေတနာရှင်ပြည်သူများ၏ လှူဒါန်းမှုများဖြင့် ပြန်လည်မွမ်းမံပြုပြင်ဆောင်ရွက်ခဲ့ပြီး အမျိုးသားအောင်ပွဲနေ့အမီပြီးစီးစေရးဆောင်ရွက်ခဲ့ပါကြောင်း၊ ခန်းမပြန်လည်ပြုပြင်မွမ်းမံပြီးဖြစ်၍ ဆရာကြီး၊ ဆရာမကြီးများစိတ်အေးချမ်းသာစွာကန်တော့ခံနိုင်ပြီဖြစ်ပါကြောင်း၊ ဆရာကြီး၊ဆရာမကြီးများသည် တပည့်များအပေါ် မတတ်သည်များကိုတတ်အောင်၊ မသိသည်များကိုသိ‌ရှိ‌အောင်၊ နားမလည်သည်များကို နားလည်အောင်၊ မကျွမ်းသည်များကိုကျွမ်းကျင်အောင်၊ မလိမ္မာသည်များကို လိမ္မာအောင်၊မယဉ်ကျေးသည်များကို ယဉ်ကျေးအောင်၊ လမ်းမှားရောက်နေသည်များကို လမ်းမှန်ရောက်အောင် သွန်သင်ဆုံးမပေးခဲ့ပြီး အများအကျိုးကိုယ်ကျိုးမဖက် ထမ်းရွက်တတ်သူ အနန္တော၊ အနန္တဂိုင်းဝင်ဆရာကြီး၊ဆရာမကြီးများပင်ဖြစ်ပါကြောင်း၊ မိမိတို့တပည့်များအနေဖြင့် ဆရာကြီး၊ ဆရာမကြီးများ၏ လိုအပ်သည်များကို မမြင်မိ၊ မကြားမိခဲ့မှုများရှိပါကလည်း ခွင့်လွှတ်ပေးပါရန် ကန်တော့အပ်ပါကြောင်း၊ ဆရာကြီး၊ဆရာမကြီးများ၏ ရေရှည်ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်ပေးနိုင်ရေး ကြိုးစားသွားမည်ဖြစ်ပါကြောင်းနှင့် ယခုထက်ကောင်းမွန်သည့် ကန်တော့ပွဲများ ဖြစ်မြောက်စေရေးအတွက်လည်း ကြိုးစားသွားမည်ဖြစ်ပါကြောင်း” ဝမ်းမြောက်နှုတ်ခွန်းဆက်စကားပြောကြားသည်။

ဆက်လက်၍ အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌက ကျေးဇူးတင်စကားများ ပြောကြားခဲ့ပြီးနောက် ကျောင်းသားဟောင်းတစ်ဦးက “မေတ္တာရေကြည်မြတ်ဆရာ” ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အနေဖြင့် အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။ ထို့‌နောက် အာစရိယပူဇော်ပွဲသို့ တက်ရောက်လာကြသည့် ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ ကျောင်းသား၊ကျောင်းသူဟောင်းများက လှူဖွယ်ပစ္စည်းများဖြင့် လှူဒါန်းပူဇော်ကန်တော့ကြသည်။

ဆက်လက်၍ ကျောင်းသားဟောင်းတစ်ဦးက ကန်တော့ချိုးဖြင့် ဦးဆောင်တိုင်တည်ကာ ဆရာကြီး၊ ဆရာမကြီးများအား စုပေါင်းကန်တော့ခဲ့ကြပြီး ဆရာကြီး၊ ဆရာမကြီးများအတွက် ဝန်ကြီးချုပ်နှင့် ဇနီး၊ စေတနာရှင်အလှူရှင်များက ဆေးပဒေသာပင်အလှူငွေများဆက်လက်လှူဒါန်းရာ အာစရိယပူဇော်ပွဲဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက လက်ခံရယူခဲ့ပြီးနောက် အပူဇော်ခံဆရာကြီးနှစ်ဦးက ဆုံးမစကားများပြောကြားသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူဟောင်းများ၊ စေတနာရှင်ကုသိုလ်ရှင်များ၏ ကောင်းမှုအစုစုတို့ကို အမျှပေးဝေခဲ့ကာ “ကျောင်းဆရာ”သီချင်းအား သံပြိုင်သီဆို၍ အာစရိယပူဇော်ကန်တော့ပွဲအခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

07-Dec-2023