တိုင်းဒေသကြီးဝန်ကြီးချုပ် (၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကွန်ကရစ်လမ်းသစ်အား တက်ရောက်ဖွင့်လှစ်ပေး

(၁၀၃)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်၊ ကန်ကြီးထောင့်မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ကန်ကြီးထောင့်မြို့၊ အမှတ်(၅)၊(၆)ရပ်ကွက်ရှိ ဘဲဂရက်ကွန်ကရစ်လမ်းသစ် ဖွင့်ဖွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါလမ်းတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့၊ ခေတ္တညွှန်ကြားရေးမှူးက ဘဲဂရက်ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အထိမ်းအမှတ်လက်ဆောင်အား တိုင်းဒေသကြီးဝန်ကြီးချုပ်ထံသို့လည်းကောင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စည်ပင်သာရေးအဖွဲ့ အမှုဆောင်အရာရှိတို့က လမ်းဖွင့်ပွဲအထိမ်းအမှတ်အလံများအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီးထံလည်းကောင်း အသီးသီးပေးအပ်ခဲ့ပြီးနောက် ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကာ ဘဲဂရက်ကွန်ကရစ်လမ်းသစ်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကာ ရေရှည်တည်တံ့စေရေးထိန်းသိမ်းစောင့်ရှောက်ကြရန်မှာကြားခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့သည်။

အဆိုပါကွန်ကရစ်လမ်းသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကန်ကြီးထောင့်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ငွေလုံးငွေရင်း အသုံးစရိတ်ဖြင့်ဆောင်ရွက်သော လမ်းဖြစ်ပြီး အလျား ၃၀၀ပေ၊ အကျယ်၁၄ပေနှင့် ထု ၈ လက်မ ရှိကြောင်းသိရပြီး ဒေသတွင်းဖွံ့ဖြိုးတိုးတက်စေရန်နှင့် မြို့အင်္ဂါရပ်နှင့်အညီ သာယာလှပစေရန် ရည်ရွယ်၍ ဆောင်ရွက်ခဲ့သော လမ်းဖြစ်ကြောင်းသိရသည်။

06-Dec-2023