အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေး (၁၆) ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားတက်ရောက်
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှု အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ နှစ်စဉ် နိုဝင်ဘာလ ၂၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၀ ရက်နေ့အထိကာလသည် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေးနေ့ ၁၆ရက်တာလှုပ်ရှားမှုကာလဖြစ်ပါကြောင်း၊ ကျား၊ မ ဖြစ်ခြင်းကို အခြေခံပြီးဖြစ်ပေါ်လာသည့် အကြမ်းဖက်မှုများပပျောက်ရန်အတွက် ၁၉၉၁ခုနှစ်တွင် ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီး ခေါင်းဆောင်မှုဗဟိုဌာနက စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာလှုပ်ရှားမှုသည် ကမ္ဘာ့နိုင်ငံအားလုံးတွင်ရှိသည် အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေးအတွက် သတိပေးနေခြင်းဖြစ်ပြီး အမျိုးသမီးများနှင့်မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှု အဆုံးသတ်စေရေးနှင့်စပ်လျဉ်းပြီး နိုင်ငံတကာနှင့်ပြည်သူများက အလေးထားဆောင်ရွက် နေကြောင်းကိုပြသရန်အတွက် လှုံ့ဆော်ပေးခြင်းလည်းဖြစ်ပါကြောင်း၊ ထို့ကြောင့်အထိမ်းအမှတ် အခမ်းအနားများကို ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်ကျင်းပလျက်ရှိပြီး မြန်မာနိုင်ငံတွင်လည်း နိုင်ငံတော်အဆင့် အခမ်းအနားအဖြစ် ၂၀၁၈ခုနှစ်ကစတင်ကာ ၁၆ရက်တာ လှုပ်ရှားဆောင်ရွက် မှုများကို နှစ်စဉ်ကျင်းပဆောင်ရွက်လျက်ရှိပါကြောင်း၊ ကုလသမဂ္ဂအနေဖြင့် နှစ်စဉ် အမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးနေ့ ၁၆ ရက်တာလှုပ်ရှားမှု အထိမ်းအမှတ် အဖြစ် ဆောင်ပုဒ်များ ချမှတ်ဆောင်ရွက်ခဲ့ရာ ယခုနှစ် ၂၀၂၃ ခုနှစ်အတွက်ဆောင်ပုဒ်မှာ “UNITE! Invest to Prevent Violence against Women and Girls” “အမျိုးသမီးများအပေါ် အကြမ်းဖက်မှုကာကွယ်ရေး ပေါင်းစုရင်းနှီးမြှုပ်နှံပေး” ဖြစ်ပြီးဆောင်ပုဒ်၏ အဓိကအလေးပေး လိုသည့်အချက်မှာ အမျိုးသမီးများနှင့် မိန်းကလေးငယ်များအပေါ် အကြမ်းဖက်မှုတားဆီး ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများဖြစ်သည့် ပညာရေး၊ ကျန်းမာရေး၊ ဥပဒေပြုရေးကဏ္ဍတွေမှာ အားလုံးပါဝင် ရင်းနှီးမြှုပ်နှံကြရန် ဖြစ်ပါကြောင်း၊ အကြမ်းဖက်ခံရသူ အမျိုးသမီးများအတွက် လိုအပ်သည့်အချိန်တွင်လိုအပ်သည့် ပံ့ပိုးမှုရရှိလိုက်ခြင်းသည် အသေးစားပင်ဖြစ်လင့်ကစား အမျိုးသမီးများအတွက် ထိရောက်သောအကာအကွယ်ရရှိပြီး များစွာအကျိုးကျေးဇူးများကို ဖြစ်ထွန်းစေပါကြောင်း၊ အမျိုးသမီးများအပေါ်အကြမ်းဖက်မှု ကာကွယ်ရေးပေါင်းစုရင်းနှီး မြှုပ်နှံပေး”ဟူသောအကြမ်းဖက်မှုပပျောက်ရေး၁၆ ရက်တာလှုပ်ရှားမှု ဆောင်ပုဒ်နှင့်အညီ အကြမ်းဖက်ခံရသူ အမျိုးသမီးများအတွက်လိုအပ်သည့် ဝန်ဆောင်မှုများလွယ်လင့်တကူ လက်လှမ်းမီအချိန်မီရရှိနိုင်ရေး ကဏ္ဍအသီးသီးမှာ အားလုံးပါဝင်ရင်းနှီးမြှုပ်နှံခြင်းဖြင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုများလျော့နည်းပပျောက်ရေးကိုဆောင်ရွက်ပေးကြစေလို ကြောင်း” တိုက်တွန်းအမှာစကားပြောကြားသည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်ဧည့်သည်တော်များသည် အမျိုးသမီးများဘဝတစ်လျှောက် အကြမ်းဖက်ခံရမှုနှင့်ပတ်သက်သည့် အသိပညာပေး Video Clip ပြသမှုအားကြည့်ရှုအားပေးခဲ့ပြီးနောက် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။ ဆက်လက်၍ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး (၁၆)ရက်တာ လှုပ်ရှားမှုအထိမ်းအမှတ် အမျိုးသမီးများစွမ်းဆောင်ရည်မြှင့်တင်ရေး လူသုံးကုန်ဆပ်ပြာရည်၊ ဆပ်ပြာခဲ ပြုလုပ်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို သူတော်ကုန်းကျေးရွာ၊ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီး၊ ဧရာဝတီတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက ဒေါ်ကြည်ကြည်ထွန်းက အမျိုးသမီးများအားလုံး အမျိုးသားများနှင့်တန်းတူ ကဏ္ဍစုံလုပ်ငန်းနယ်ပယ်အသီးသီးတွင် ပါဝင်နိုင်စေရန် အမျိုးသမီး များ၏ စွမ်းဆောင်ရည်မြင့်မားရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ကျား/မ တန်းတူညီမျှရေး၊ အမျိုးသမီး များအပေါ်နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှ ကာကွယ်တားဆီးရေးလုပ်ငန်းစဉ်များကို ဆက်လက် ဖော်ဆောင်လုပ်ကိုင်သွားကြရမည်ဖြစ်ကြောင်း၊ မည်သည့်ပညာရပ်ကိုမဆို တတ်မြောက်အောင် သင်ကြားပြီး တီထွင်ဆန်းသစ်မှုများဖြင့် မိမိဘဝမြင့်မားတိုးတက်အောင် ဆက်လက် ကြိုးစားသွားကြရန် ပြောကြားခဲ့သည်။
အဆိုပါ လူသုံးကုန်ဆပ်ပြာရည်၊ ဆပ်ပြာခဲ ပြုလုပ်နည်း သင်တန်းအား တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နှင့် လူမှုဝန်ထမ်းဦးစီးဌာနတို့ ပူးပေါင်း ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းတွင် မျက်နှာသစ်ဆပ်ပြာခဲ၊ ဘက်စုံသုံးဆပ်ပြာရည်၊ ရေချိုး ဆပ်ပြာ၊ အထည်ပျော့အမွှေးရည်ပြုလုပ်နည်းများအား လက်တွေ့သင်ကြားပြသပေးခဲ့ရာ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယကနှင့်တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြကာ အခမ်းအနား တက်ရောက်လာကြသူများနှင့် အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများပေးပို့ရန် ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး တာဝန်ရှိသူတစ်ဦးအား စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများမှ နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များမှ စုပေါင်းပေးပို့သည့် ငါးနီတူခြောက်၊ ငါးမြီးတန်သွယ် ခြောက်၊ ငါးမဲလုံးခြောက်အစရှိသည့် ငါးခြောက်စုစုပေါင်း(၅၀၀)ပိဿာအား မော်တော်ယာဉ် ပေါ်သို့ တင်ဆောင်နေမှုကိုကြည့်ရှအားပေးခဲ့ပြီး စနစ်တကျတင်ဆောင်ရန်နှင့် အချိန်မီပေးပို့ နိုင်ရေး ဆောင်ရွက်ရန်မှာကြားခဲ့သည်။