တိုင်းဒေသကြီး ဝန်ကြီးချုပ်မြောင်းမြပညာရေးဒီဂရီကောလိပ်၌ပြုလုပ်သည့် လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT(၁၀/၂၀၂၃)နှင့် ပညာရေးဘွဲ့(ပထမနှစ်) ကျောင်းသား၊ ကျောင်းသူများ၏မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ပညာရေးဒီဂရီကောလိပ်၊ မြရတုခန်းမ၌ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT(၁၀/၂၀၂၃)နှင့် ပညာရေးဘွဲ့ (ပထမနှစ်) ကျောင်းသား၊ ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်း ကပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပညာရေးကောလိပ်မှ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ အခမ်းအနားအား သင်တန်းသား၊ သင်တန်းသူများက “ ပွင့်ဖူးဝေဆာ ကျောင်းတော်သာ”သီချင်းဖြင့်ဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“တိုင်းဒေသ ကြီးသည် ကျောင်းတက်ရောက်မှု၊ ကျောင်းဖွင့်လှစ်မှု၊ အတန်းစဉ်ကူးပြောင်းမှုနှင့် အောင်ချက် မြင့်မားသော တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးတွင် အခြေခံပညာကျောင်း၊ ကိုယ်ပိုင်ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်းများအပါအဝင် ကျောင်းပေါင်း (၇၂၀၀)ကျော် ဖွင့်လှစ်ထားရှိပြီး ကျောင်းတက်ရောက်မှု (၁၁)သိန်းနှစ်သောင်းကျော်နှင့် ဆရာဆရာမအင်အား ပေါင်း (၅)သောင်းကျော်ရှိပါကြောင်း၊ တိုင်းဒေသကြီးသည် ရေခံမြေခံကောင်းမွန်ပြီး ပညာရေး ကဏ္ဍတိုးတက် မြင့်မားကာ လူ့စွမ်းအားအရင်းအမြစ်များစွာ မွေးထုတ်ရာ တိုင်းဒေသကြီးလည်း ဖြစ်ပါကြောင်း၊ ယခုနှစ်သည် ပညာရေးစနစ်သစ် KGတန်းမှ Grade-12 အထိ အတန်းစုံ တက်ရောက်သည့် နှစ်လည်းဖြစ်ပါကြောင်း၊ Grade-12 တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်ချက် မြင့်မားရေးအတွက် ဘာသာရပ်ဆိုင်ရာ သိကောင်းစရာ ဆွေးနွေးဟောပြောပွဲများအား တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ကထိကများနှင့် အခြေခံပညာ အထက်တန်းကျောင်းများမှ ဆရာ၊ ဆရာမများပူးပေါင်း၍ ပုသိမ်တက္ကသိုလ်၊ ဟင်္သာတတက္ကသိုလ်နှင့် မအူပင်တက္ကသိုလ်တို့တွင် ဇုန်ကြီး(၃)ဇုန်ခွဲ၍ ပြုလုပ်ခဲ့ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် မိမိ၏ တပည့်များအား မတတ်သည်များကိုတတ်အောင်၊  မသိသည်များကို သိအောင်၊ နားမလည် သည်များကို နားလည်အောင် သွန်သင်ဆုံးမကြသူများ ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့တာဝန်ကျရာဒေသ ကျောင်းများသို့ ရောက်ရှိတာဝန် ထမ်းဆောင်သည့်အခါ ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက်ရောက်နိုင်ရေး၊ အတန်းစဉ် ကူးပြောင်းမှုမြင့်မားရေးနှင့် အနည်းဆုံး KG+9 ပြီးမြောက်စေရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် နိုင်ငံ့တာဝန်များကို ပုခုံးပြောင်း ထမ်းဆောင်မည့် လူငယ်များကို ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်ရန်အတွက် ပြုစုပျိုးထောင်ပေးရမှာဖြစ်ပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်ရာတွင် ပညာရေးဖြင့်ရင်းနှီးမြှုပ်နှံရမှာဖြစ်ပါကြောင်းနှင့် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍကိုလည်း မြှင့်တင်ရမည်ဖြစ်ပါကြောင်း၊ ဆရာများ၏ အရည်အသွေးများ မြင့်မား လာပါက တပည့်များ၏ သင်ယူမှုစွမ်းရည်များသည်လည်း တိုးတက်လာမည်ဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာများသည်  ကျောင်းသား၊ ကျောင်းသူများ၏ စံနမူပြများ ဖြစ်ရန်လိုအပ်ပါကြောင်း၊ ပညာရေးကဏ္ဍအတွက် အားထားရသည့် ဆရာ၊ ဆရာမများဖြစ်လာမည့် သင်တန်းသား၊ သင်တန်းသူများအတွက် များစွာဂုဏ်ယူပါကြောင်းနှင့် နိုင်ငံတော်အတွက် အားထားရသည့် လူတော်လူကောင်းများ မွေးထုတ်ပေးနိုင်သည့် ဆရာ၊ ဆရာမများဖြစ်ကြပါစေကြောင်း" ကြိုဆို နှုတ်ခွန်းဆက်စကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်အလိုက် သင်တန်းသား၊ သင်တန်းသူများက တိုင်းဒေသကြီး ဝန်ကြီးချုပ်အား မိတ်ဆက်ခဲ့ကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က သင်တန်းသား၊ သင်တန်းသူ များအတွက် ထောက်ပံ့ငွေများကိုပေးအပ်ရာ မြောင်းမြပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ် ကြီးက လက်ခံရယူခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းသား၊ သင်တန်းသူများနှင့်အတူ ရင်းနှီးနွေးထွေးစွာ နေ့လယ်စာအတူတကွ သုံးဆောင် ခဲ့သည်။ မြောင်းမြပညာရေးဒီဂရီကောလိပ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း PPTT (၁၀/၂၀၂၃)သင်တန်းတွင် သင်တန်းသား၊ သင်တန်းသူပေါင်း (၃၀၃)ဦးနှင့်၊ ပညာရေးဘွဲ့ (ပထမနှစ်)တွင် သင်တန်းသား၊ သင်တန်းသူပေါင်း (၁၂၃)ဦးတက်ရောက်လျှက်ရှိပါသည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ်၊ မုဆိုးကွင်းကျေးရွာသို့ သွားရောက်၍ သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော်(မျိုးစေ့ထုတ်)ရန်အတွက် ကျေးရွာစုပေါင်း စိုက်ခင်း ဧက(၅၀)တွင် သစ်စိမ်းမြေသြဇာ ပိုက်ဆံလျှော်မျိုးစေ့များ ထွန်ယက်မြှုပ်နှံနေမှုများ ကိုလည်းကောင်း၊  မြောင်းမြမြို့နယ်၊ ကံကြီးကျေးရွာရှိ တောင်သူဦးမိုးဝင်း၏  ဆီထွက်သီးနှံ နှမ်းမျိုးသန့်စိုက်ခင်းနှင့် မြေပဲမျိုးသန့်စိုက်ခင်းတွင် ဆီထွက်သီးနှံ နှမ်းနှင့်မြေပဲ မျိုးစေ့ချ စိုက်ပျိုးနေမှုများကို လည်းကောင်း၊ အိမ်မဲမြို့နယ်၊ ကျုံကနိကျေးရွာသို့ သွားရောက်၍ တောင်သူ ဦးအုန်းမြင့်၏ စိုက်ဧက(၃)ဧကတွင် ပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ ဆောင်းသီးနှံ(နေကြာ) ဆင်းရွှေကြာ-၂ နေကြာမျိုးအား မျိုးစေ့ချစိုက်ပျိုးနေမှုအားလည်းကောင်း၊ ဝါးခယ်မြို့နယ်၊ ကျွန်းကုန်းကျေးရွာ အုပ်စု၊ တောင်သူဦးဝင်းသိန်း၏ စိုက်ဧက(၅)တွင် ပြုလုပ်သည့် ဆင်းရွှေကြာ -၂ နေကြာမျ်ုးရွေးချယ်မြှင့်တင်ရေးစံပြကွက်တွင် မျိုးစေ့ချစိုက်ပျိုးနေမှုအားလည်းကောင်း ကြည့်ရှု အားပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျုံပျော်ခရိုင်၊ ကျောင်းကုန်း မြို့နယ်၊ ကျုံတာကျေးရွာနှင့် မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် သရွတ်ကြီးကျေးရွာသို့ ဆက်သွယ် ထားသည့် ခွဲကျောက်အမာခံခင်းခြင်း လုပ်ငန်းများအားကြည့်ရှုစစ်ဆေးရာ ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်  ဆောင်ရွက်သည့် ကန်ကြီးထောင့်မြို့နယ်၊ ဘုရားကုန်း-ဝဲချောင်းလမ်း (၁/၂.၆၄)မိုင်ကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက် နေမှု၊ ကျောင်းကုန်းမြို့နယ်၊ ဆိပ်သာ-လေးအိမ်လမ်းပေါ်ရှိ (၄၀) ပေ၊ (၂၀)ပေ ကွန်ကရစ်တံတား ပထမပိုင်းဆောင်ရွက်နေမှုနှင့် ကျောက်ခင်းလမ်း (၁) မိုင် ဆောင်ရွက်နေမှု၊ ကျုံတာ-သရွတ်ကြီး လမ်းပေါ်ရှိ (၁၀၀) ပေ၊ (၂၀) ပေ ကွန်ကရစ်တံတား ပထမပိုင်းဆောင်ရွက်နေများနှင့် ကျောက်ခင်းလမ်း (၁)မိုင် လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က သတ်မှတ်ထားသည့် ဘဏ္ဍာနှစ်အတွင်း လုပ်ငန်းများအချိန်မီပြီးစီးစေရေးနှင့် အရည်အသွေးပြည့်မီရေး အလေးထားဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။

29-Nov-2023