ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်မြို့ကျက်သ​ရေ​ဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ (၃၆)ကြိမ်မြောက် မသိုးသင်္ကန်းရက်ခတ်ယှဉ်ပြိုင်ပွဲအား တိုင်းဒေသကြီး ဝန်ကြီးချုပ်တက်ရောက်ဖွင့်လှစ်၊ ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၌ (၃၆)ကြိမ်မြောက် မသိုးသင်္ကန်းကပ်လှူပွဲတော် ရေစက်ချမင်္ဂလာအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်း​ဒေသကြီး၊ ပုသိမ်မြို့ကျက်သ​ရေ​ဆောင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ (၃၆)ကြိမ်မြောက် မသိုးသင်္ကန်းရက်ခတ် ယှဉ်ပြိုင်ပွဲအခမ်းအနားအား နိုဝင်ဘာ ၂၆ ရက်​နေ့ ညနေပိုင်းက ပုသိမ်မြို၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ရင်ပြင်တော်ပေါ်၌ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး နှင့်ဇနီး၊ ပုသိမ်​လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့နှင့် မသိုးသင်္ကန်း ရက်ခတ်ယှဉ်ပြိုင်မည့် ရက်ကန်းပညာရှင် ပြိုင်ပွဲဝင်များတက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ ဦးမောင်ကြီးတန်ဆောင်းတွင် ပန်း၊ ရေချမ်း၊ ဆီမီးများကပ်လှူပူဇော်ပူဇော်ကာ ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီးအား ဖူးမျှော်ကြည်ညို၍ မသိုးသင်္ကန်းယှဉ်ပြိုင်ရက်ခတ်မည့် ယာယီမဏ္ဍပ်သို့ ရောက်ရှိပြီးနောက် ရွှေမုဋ္ဌောမဟာစေတီတော် မြတ်ကြီး၊ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ အလှည့်ကျသဘာပတိက မသိုးသင်္ကန်းဆိုင်ရာများနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ယှဉ်ပြိုင်ရက်ခတ်ကြမည့် ရက်ကန်းပညာရှင်များက သတ်မှတ်စင်တော်များ၌နေရာယူကြကာ မသိုးသင်္ကန်းရက်ကန်းပြိုင်ပွဲအမှတ်ပေးစည်းမျဉ်းများအား ဒိုင်အဖွဲ့ဝင်တစ်ဦးက ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က မင်္ဂလာအချိန်တွင် မင်္ဂလာအောင်မောင်း တီး၍ ပြိုင်ပွဲကိုဖွင့်လှစ်ပေးသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိများက မသိုးသင်္ကန်းယှဉ်ပြိုင် ရက်ခတ်နေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ဖျော်ဖြေရေးအဖွဲ့များအား ချီးမြှင့်ငွေများပေးအပ်ခဲ့ပါသည်။ ထို့​နောက် ယက်ကန်းပြိုင်ပွဲတွင် ဆုချီးမြှင့်နိုင်​ရေးအတွက် တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ၊ ဒိုင်အဖွဲ့များမှ လိုက်လံကြည့်ရှုစစ်​ဆေးခဲ့ပါသည်။ ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ (၃၆)ကြိမ်မြောက် မသိုးသင်္ကန်းရက်ခတ်ယှဉ်ပြိုင်ပွဲတွင် ရက်ကန်းစင်တော်(၉)စင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဘုရားဖူးလာ​ရောက်ကြသူများ မသိုးသင်္ကန်းယှဥ်ပြိုင်ရက်ခတ်မှုများအား လာ​ရောက်ကြည့်ရှု​လေ့လာသူများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ပါသည်။

နိုဝင်ဘာလ ၂၇ရက်နေ့ နံနက်ပိုင်းတွင် ပုသိမ်မြို့၏ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီး၌ (၃၆)ကြိမ်မြောက် မသိုးသင်္ကန်းကပ်လှူပွဲ ရေစက်ချမင်္ဂလာအခမ်းအနားကို စေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ ဦးမောင်ကြီးတန်ဆောင်း၌ ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက် ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဆောင်၍ တာဝန်ရှိသူများက အေးငြိမ်းချမ်းသာဗုဒ္ဓရုပ်ပွားတော်မြတ်အား မသိုးသင်္ကန်းတော်ဆက်ကပ်လှူဒါန်းခဲ့ပြီး‌နောက် ဆရာတော်ကြီးများအား အရုဏ်ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့သည်။ ထို့နောက် ရေစက်ချမင်္ဂလာအခမ်းအနား ဆက်လက်ကျင်းပရာ ဆရာတော်ကြီးများဦးဆောင်ပြီး ဧည့်ပရိတ်သတ်များက နမောတဿ(၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက နိုင်ငံတော်ဩဝါဒါ စရိယ၊ ပုသိမ်မြို့၊ နိဂြောဓာရုံ ညောင်ပင်သာပရိယတ္တိ စာသင်တိုက်၏ ပဓာနနာယဆရာတော် ဘဒ္ဒန္တဝိဿုတ (အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) မဟာထေရ်မြတ်ထံမှ နဝင်္ဂသီလခံယူဆောက်တည်ကြပြီးနောက် ဆရာတော်ကြီးများထံမှ ပရိတ်တရားတော်များ ဆက်လက်နာယူကြည်ညိုကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများက လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူတော်ငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးသံဃနာယကအဖွဲ့၊ ဩဝါဒါစရိယ ပုသိမ်မြို့၊ မရမ်းချို ကျောင်းတိုက်၏ ပဓာနနာယကဆရာတော် ဘဒ္ဒန္တသောဘိတ (အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဒ္ဒန္တသောဘိတ မဟာထေရ်မြတ်ထံမှ အနုမောဒနာတရားနာကြား၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြသည်။

ဆက်လက်၍ (၃၆)ကြိမ်မြောက်၊ မသိုးသင်္ကန်းရက်ခတ်ပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသည့် ရက်ကန်းစင်တော်များကို အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီးကလည်းကောင်း၊ တတိယဆုရရှိသော ခတ္တာရက်ကန်းစင်တော်နှင့် ဒုတိယဆုရရှိသည့်ကံ့ကော်ရက်ကန်းစင်တော်အား တိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ ပထမဆုရရှိသည့် ဇီဇဝါရက်ကန်းစင်တော်အား တိုင်းဒေသကြီး ဝန်ကြီးချုပ်ကလည်းကောင်း ဆုများအသီးသီးချီးမြှင့်ခဲ့ကြပြီး အခမ်းအနားအား ဗုဒ္ဓသာသနံစိရံတိဋ္ဌတု(၃)ကြိမ် ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့သည်။ ရွှေမုဋ္ဌောမဟာစေတီတော်မြတ်ကြီး၏ (၃၆)ကြိမ်မြောက် မသိုးသင်္ကန်းကပ်လှူပူ​ဇော်ပွဲတွင် မသိုးသင်္န်းများကို ညတွင်းချင်း အပြီးရက်ခတ်ကာ အာရုံမတက်မီ ကပ်လှူပူ​​ဇော်ခဲ့​ကြောင်း သတင်းရရှိပါသည်။

27-Nov-2023