ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းသားအားကစားပွဲတော် အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသသကြီး အခြေခံပညာကျောင်းသားအားကစားပွဲတော် အမျိုးသား/ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း၌ ပြုလုပ်ခဲ့ရာ ဆုချီးမြှင့်ပွဲသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဇနီး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ ‌ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်အားပေးခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ပုသိမ်မြို့၊ ကျောက်တိုင်အားကစားကွင်း၌ ပြုလုပ်သည့် အမျိုးသမီးဘောလုံးပွဲ ဗိုလ်လုပွဲအဖြစ် ခရိုင်အုပ်စု(၁)နှင့် ခရိုင်အုပ်စု(၄)တို့၏ ယှဉ်ပြိုင်ကစားနေမှုများကိုလည်းကောင်း၊ ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်း၌ ပြုလုပ်သည့် အမျိုးသားဘောလုံးပွဲ ဗိုလ်လုပွဲအဖြစ် ခရိုင်အုပ်စု(၁)နှင့် ခရိုင်အုပ်စု(၃)တို့၏ ယှဉ်ပြိုင်ကစားနေမှုအားလည်းကောင်း ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါပွဲဗိုလ်လုပွဲများမှ အမျိုးသမီးဘောလုံးပွဲတွင် ခရိုင်အုပ်စု(၁)က ခရိုင်အုပ်စု(၄)အား လေးဂိုး- ဂိုးမရှိဖြင့်လည်းကောင်း၊ အမျိုးသားဘောလုံးပွဲတွင် ခရိုင်အုပ်စု(၁)က ခရိုင်အုပ်စု(၃)အား သုံးဂိုး- ဂိုးမရှိဖြင့်လည်းကောင်းအသီးသီးအနိုင်ရရှိခဲ့သည်။

ဆက်လက်၍ ဆုချီးမြှင့်ပွဲအခမ်းအနားကို ပြုလုပ်ရာ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ခရိုင်အုပ်စု(၄)အား တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်များကို အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၏ ဇနီးကလည်းကောင်း၊ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ခရိုင်အုပ်စု(၃)အား တစ်ဦးချင်းဆုတံဆိပ်နှင့် ဂုဏ်ပြုလက်မှတ်များကို အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးလည်းကောင်း၊ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ခရိုင်အုပ်စု(၁)အား တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုလက်မှတ်များနှင့် ဆုဖလားကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ခရိုင်အုပ်စု(၁)အား တစ်ဦးချင်းဆုတံဆိပ်၊ ဂုဏ်ပြုလက်မှတ်များနှင့် ဆုဖလားကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း အသီးသီးဆုများချီးမြှင့်ခဲ့ကြပြီး ဆုရရှိသည့်အသင်းများနှင့်အတူ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးခဲ့ကြပြီး‌နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဧရာဝတီတိုင်းဒေသသကြီး အခြေခံပညာကျောင်းသားအားကစားပွဲတော်အတွက် ထောက်ပံ့ငွေများကိုပေးအပ်ရာ တိုင်းဒေသကြီးပညာရေးမှူးနှင့် အားကစားပွဲ​တော်ကျင်းပ​ရေး အဖွဲ့ခေါင်းဆောင်တို့ကလက်ခံရယူခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဆုရရှိသည့်အသင်းများမှ အားကစားသမားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပြီး တိုင်း​ဒေသကြီး/ပြည်နယ် အခြေခံပညာကျောင်းသားအားကစားပွဲတော် တွင်လည်း တိုင်း​ဒေသကြီးဂုဏ်​ဆောင်နိုင်ကာ ဆုများရရှိအောင်ကြိုးစားကြရန်နှင့် စခန်းသွင်းလေ့ကျင့်ရာတွင်လည်း နည်းပြများ၏ သင်ကြားပြသမှုများကို ကြိုးစားလိုက်နာ လေ့ကျင့်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။

26-Nov-2023