ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နေ့လယ်ပိုင်းတွင် မြောင်းမြမြို့နယ်၊ ကွယ်လွယ်ကျေးရွာအုပ်စု၌ ပြုလုပ်သည့် ပိုက်ဆံလျှော်မျိုးစေ့ထုတ် ကျေးရွာစုပေါင်းစိုက်ခင်း (၃၀)ဧကတွင် စုပေါင်းစိုက်ပျိုးနေမှုအားလည်းကောင်း၊ ကြာဖူးငုံလက်ပံကျေးရွာရှိ တောင်သူဦးမောင်မောင်ဝင်း၏ လယ်မြေ (၃)ဧက၌ပြုလုပ်သည့် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်(၃၈)စက်မှုလယ်ယာစခန်း၊ မြောင်းမြမြို့မှ (၁၀)တန်းသွားမျိုးစေ့ချကိရိယာဖြင့် GW-11 မျိုးစပါး မျိုးစေ့ချစိုက်ပျိုးနေမှုအားလည်းကောင်း၊ ကံကြီးကျေးရွာရှိ တောင်သူဦးစိုးမြင့်၏လယ်မြေတွင် ဆိုလာစနစ်ဖြင့် နွေစပါးရေတင်ခြင်းနှင့် လယ်မြေ(၂၀)ဧကအား နွေစပါးစုပေါင်းထွန်ယက်ပွဲအားလည်းကောင်း၊ တောင်သူဦးမိုးဝင်း၏ လယ်မြေ(၅)ဧက၌ပြုလုပ်သည့် ဆီထွက်သီးနှံနေကြာ ဆင်းရွှေကြာ(၂) မျိုးစေ့ထုတ်စိုက်ခင်းနှင့် အထက(ခွဲ)ကံကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းပိုင်လယ်မြေ(၄)ဧကတွင် ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ခင်း မျိုးစေ့ချပွဲအားလည်းကောင်း၊ အိမ်မဲမြို့နယ်၊ ပွဲစားဂုံညှင်းတန်းကျေးရွာရှိတွင် ပိုက်ဆံလျှော်မျိုးစေ့ထုတ် ကျေးရွာစုပေါင်းစိုက်ခင်း (၅)ဧက ပိုက်ဆံလျှော် မျိုးစေ့ချစိုက်ပွဲအားလည်းကောင်း၊ အိမ်မဲမြို့နယ်၊ တကောကျေးရွာအုပ်စုရှိ တောင်သူဦးရဲမြတ်အောင်နှင့် ဦးသံချောင်းတို့၏ စိုက်ဧက(၈)ဧက၌ပြုလုပ်သည့် ၂၀၂၃ ခုနှစ်၊ ဆောင်းသီးနှံနေကြာ super sun 41 မျိုးအား မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးပွဲအားလည်းကောင်း ကြည့်ရှု အားပေးခဲ့ပြီး ဆီဖူလုံမှုရှိစေရေး၊ စိုက်ပျိုးသည့်သီးနှံများ အောင်ရေရရှိရေး၊ စိုက်ဧကများ ပြည့်မီရေး၊ လာမည့်မိုးစပါးစိုက်ရာသီတွင် ရေတော်မိုးတော်စိုက်ဧက(၂၇)သိန်းအား ပိုက်ဆံလျှော်များအပြည့်အဝ စိုက်ပျိုးမည်ဖြစ်၍ ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေးတို့ကို လမ်းညွှန်မှာကြားခဲ့ပြီး ဒေသခံတောင်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ပါသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် သာပေါင်းမြို့နယ် ဂုံမင်းကွင်းသို့ရောက်ရှိ၍ ရေမြောင်းများတူးဖော်ပြီးစီး၍ မိုးစပါးဧက (၁၅၀၀) ကျော်နှင့် နွေစပါးဧက (၆၀၀၀) ကျော် စိုက်ပျိုးနိုင်မှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပါသည်။ ရေမြောင်းများ တူးဖော်ပေးခဲ့မှုကြောင့် ရေကျနောက်စိုက် ဧရိယာများတိုးချဲ့စိုက်ပျိုးနိုင်ခြင်း၊ ရေကြီးကွင်းများ ရေကျမြန်သဖြင့် နွေစပါးစိုက်ဧကများ အချိန်မီ ကွင်းလုံးပြည့်မီစွာ စိုက်ပျိုးနိုင်ခဲ့ကြောင်း သိရှိရပါသည်။

22-Nov-2023