တိုင်းဒေသကြီးဝန်ကြီးချုပ် လပွတ္တာခရိုင်အတွင်းရှိ ရေငန်ထိုးဒေသများတွင် စပါးနှင့်ရေငန်ပုစွန် စိုက်ပျိုးမွေးမြူလုပ်ကိုင်သည့် တောင်သူများနှင့်တွေ့ဆုံ
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်အတွင်းရှိ ရေငန်ထိုးဒေသများတွင် စပါးနှင့် ရေငန်ပုစွန် စိုက်ပျိုးမွေးမြူလုပ်ကိုင်သည့် တောင်သူများနှင့်တွေ့ဆုံပွဲကို ယနေ့နံနက်ပိုင်းက လပွတ္တာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ ရွေးနဒီခန်းမတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ စိုက်ပျိုးမွေးမြူရေးတောင်သူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ရေငန်ဒဏ်ခံရသည့် မြေဧရိယာ (၉)သိန်းကျော်တွင် စပါးတစ်သီးတည်းစိုက်ပျိုးခြင်းထက် ပို၍အကျိုးရှိနိုင်မည့် ရေငန် ငါး၊ ပုစွန် မွေးမြူရေးလုပ်ငန်းကို စမ်းသပ်ဆောင်ရွက်ရန်နှင့်အကျိုးရှိပါက ဆက်လက်ဆောင်ရွက်ရန်လိုကြောင်း၊ လယ်မြေဖြစ်သည့်အတွက် စိုက်ပျိုးရေးမှ မွေးမြူရေးသို့ပြောင်းလဲအသုံးချနိုင်ရေး ဗဟိုလယ်စီသို့တင်ပြရမည်ဖြစ်ပါကြောင်း၊ ရေငန်ဝင်ရောက်သဖြင့် စိုက်ပျိုးရေးလုပ်ငန်းများဖြစ်ထွန်းအောင်မြင်မှုမရှိသည့်နေရာများတွင် ရေငန် ငါး၊ ပုစွန်၊ ကဏန်း မွေးမြူရေးလုပ်ငန်းများ အောင်မြင်မည်ဆိုပါက တိုးချဲ့မွေးမြူရန်လိုပါကြောင်းနှင့် မြေအား အကျိုးရှိစွာ အသုံးချရန်လိုကြောင်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သည့်တောင်သူများအနေဖြင့် ကောင်းမွန်သောမွေးမြူရေးကျင့်စဥ်များအတိုင်း လိုက်နာ၍ စနစ်တကျအောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်ကြရန်လိုကြောင်းနှင့် မွေးမြူရေးလုပ်ငန်းများ တရားဝင်လုပ်ကိုင်ခွင့်ရရှိရေးအတွက်တင်ပြဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိ၍ ဝင်ငွေများပိုမိုရရှိပါက အကျိုးရှိမည်ဖြစ်ပါကြောင်း၊ သဘာဝမွေးမြူရေးစနစ်မှ စနစ်တကျစီးပွားဖြစ်မွေးမြူရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ မွေးမြူဆောင်ရွက်ရာတွင် အရင်းအနှီး၊ မျိုးရရှိမှုနှင့် နည်းပညာများရရှိရေး ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း” အမှာစကားပြောကြားသည်။
ဆက်လက်၍ လပွတ္တာခရိုင်အုပ်ချုပ်ရေးမှူးက ငါး၊ ပုစွန်၊ ကဏန်း မွေးမြူရေးကဏ္ဍနှင့်ပတ်သက်၍လည်းကောင်း၊ ငါးလုပ်ငန်းဦးစီးဌာန၊ တိုင်းဦးစီးမှူးက ရေငန်ထိုးဒေသများတွင် ရေငန်ပုစွန်မွေးမြူဆောင်ရွက်မှု အခြေအနေများနှင့် ပတ်သက်၍လည်းကောင်း၊ လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူးက စိုက်ပျိုးမွေးမြူရေးကဏ္ဍတိုးတက်မြင့်မားရေးနှင့် လယ်ယာမြေအခြားနည်းသုံးစွဲခြင်းကိစ္စရပ်များအားလည်းကောင်း ရှင်းလင်းဆွေးခဲ့ကြပါသည်။
ထို့နောက် ဒေသခံစိုက်ပျိုးမွေးမြူရေး တောင်သူများက ရေငန်ပုစွန်မွေးမြူဆောင်ရွက်မှုအခြေအနေများနှင့် သိရှိလိုသည်များအား ဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဌာနဆိုင်ရာများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပါသည်။ ထို့နောက် ဒေသခံများ၏ လိုအပ်ချက်များတင်ပြမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လပွတ္တာမြို့နယ်၊ ကျောက်ဖြူကျေးရွာရှိ ဦးကျော်ထွန်းမြင့်၏ အားမာန်သစ် ရေချို၊ ရေငန်ပုစွန်မွေးမြူရေးလုပ်ငန်းသို့သွားရောက်၍ ပုဇွန်ကန်(၈)ဧကတွင် ရေချိုပုစွန် အကောင်ရေ (၃)သိန်း မွေးမြူထားရှိမှုနှင့် ပုဇွန်ကန် (၆)ဧကတွင် ရေချိုပုစွန်သားပေါက် အကောင်ရေ (၁)သိန်း (၆)သောင်း မွေးမြူထားရှိမှုများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်သန်ကြီးထွားမှုနှုန်း၊ ဈေးကွက်အတွင်းတင်ပို့ရောင်းနိုင်မှုအခြေအနေများကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ရှင်းလင်းဖြေကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာမြို့နယ်၊ မြွေဟောက်ကျေးရွာသို့ သွားရောက်၍ တောင်သူဦးမန်းဖြူ၏ လယ်မြေ (၁၀)ဧကတွင် Super sun-41နေကြာသီးနှံမျိုးစေ့ချစိုက်ပျိုးပွဲနှင့် လယ်မြေ(၂၇)ဧကတွင် ပိုက်ဆံလျှော်မျိုးစေ့ချစိုက်ပျိုးပွဲသို့ တက်ရောက်ကြည့်ရှုအားပေးခဲ့ပြီး အောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးကြရန်လမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြမြို့နယ်၊ သိလ္လာကျေးရွာရှိ ပိုင်ရှင်ဦးသုခအောင်က ငရုတ်ကောင်းစိုက်ဧ(၁၇)ဧကစိုက်ပျိုး၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ ကုန်ထုတ်လုပ်ငန်းများဖွံ့ဖြိုးရေးအတွက် ချေးငွေရယူထားသော “စစ်မှစစ်” ငရုတ်ကောင်းမှုန့်လုပ်ငန်းနှင့် ငရုတ်ကောင်းပင်များ စိုက်ပျိုးထားရှိမှုကို ကြည့်ရှုအားပေးပြီး အပင်များစိုက်ပျိုးဖြစ်ထွန်းအောင်မြင်မှု၊ တစ်ဧကအထွက်နှုန်း၊ ဈေးကွက်အတွင်းတင်ပို့ရောင်းချမှုများကို မေးမြန်းခဲ့ရာ ခြံပိုင်ရှင်နှင့် တာဝန်ရှိသူများက သိလိုသည်များကို ပြန်လည်ဖြေကြားခဲ့သည်။