၂၀၂၃-၂၀၂၄ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းသားအားကစားပွဲတော်တွင် ကျောင်းသား၊ ကျောင်းသူများပါဝင်ယှဉ်ပြိုင်နေမှုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုအားပေး

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းသား အားကစားပွဲတော်ပြိုင်ပွဲအား (၂၀.၁၁.၂၀၂၃)ရက်နေ့မှစတင်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပလျှက်ရှိရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပုသိမ်မြို့ပေါ် အခြေခံပညာကျောင်းများရှိ အားကစားခန်းမများတွင် ကျောင်းသား၊ ကျောင်းသူများ ပါဝင်ယှဉ်ပြိုင်နေမှုများကို လှည့်လည် ကြည့်ရှုအားပေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမ၌ ခရိုင်အုပ်စု(၅)နှင့် ခရိုင်အုပ်စု(၆)တို့၏ အမျိုးသားဘော်လီဘောပြိုင်ပွဲအားလည်းကောင်း၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ ရတနာ့အားမာန်အားကစားရုံ၌ ခရိုင်အုပ်စု(၂)နှင့် ခရိုင်အုပ်စု(၆)တို့၏ အမျိုးသားဘက်စကတ်ဘောပြိုင်ပွဲအားလည်းကောင်း၊ အားကစားနှင့်ကာယ ပညာဦးစီးဌာန၊ အားကစားပြိုင်ပွဲရုံ(၂)၌ အမျိုးသား၊ အမျိုးသမီးကြက်တောင်ပြိုင်ပွဲအား လည်းကောင်း၊ အမှတ်(၁၁)အခြေခံပညာ အထက်တန်းကျောင်း(မြို့မ) ပညာမဉ္ဇူခန်းမ၌ ပြုလုပ်သည့် ခရိုင်အုပ်စု(၁)နှင့် ခရိုင်အုပ်စု(၂)တို့၏ အမျိုးသမီးပိုက်ကျော်ခြင်း ပြိုင်ပွဲအား လည်းကောင်း လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး အခြေခံပညာကျောင်းသား အားကစားပွဲတော်ကို ယခုလ(၂၀)ရက်နေ့မှ (၂၅)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး အားကစားနည်း(၇)မျိုးအား ခရိုင်အုပ်စုအလိုက် ပြိုင်ပွဲဝင်ကစားသမားပေါင်း(၆၇၂)ဦးက ပါဝင် ယှဉ်ပြိုင်ကစားလျက်ရှိကြောင်းသိရသည်။

21-Nov-2023