တိုင်းဒေသကြီးဝန်ကြီးချုပ် မော်လမြိုင်ကျွန်းမြို့နယ်တွင်ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရေးအတွက် နေကြာ၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်
၂၀၂၃-၂၀၂၄ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရေးအတွက် နေကြာ၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ပွဲ အခမ်းအနားကို နိုဝင်ဘာလ၁၆ရက်နေ့မွန်းလွဲပိုင်းက လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မော်ဧရာခန်းမတွင်ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် တောင်သူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ရာသီအချိန်မီ စိုက်ပျိုးဆောင်ရွက်နိုင်ရန်အတွက် နေကြာ၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့များပေးအပ်ခြင်းဖြစ်ပါကြောင်း၊ မြေဆီလွှာ ပျက်စီးမှုများကို ပြန်လည်ကောင်းမွန်စေရေးအတွက် သစ်စိမ်းမြေဩဇာများထည့်သွင်း စိုက်ပျိုးခြင်းဖြင့် ပြေပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ရန်နှင့် ယူရီးယားမြေဩဇာများသုံးစွဲမှု လျှော့ချနိုင်ရေးတို့အတွက် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ကို အင်တိုက်အားတိုက်စိုက်ပျိုးလျက်ရှိသည့် တိုင်းဒေသကြီး ဖြစ်ပါကြောင်းနှင့်လာမည့်၂၀၂၄ခုနှစ်၊ မိုးစပါးစိုက်ရာသီတွင် ရေတော်မိုးတော် စိုက်ဧက(၂၇)သိန်းအား ပိုက်ဆံလျှော်များအပြည့်အဝထည့်သွင်း စိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း၊ ပိုက်ဆံလျှော် မျိုးစေ့ထုတ်စိုက်ခင်းများစိုက်ပျိုးသည့် တောင်သူများအနေဖြင့် သက်ဆိုင်ရာမြို့နယ်အလိုက် အုပ်စုဖွဲ့ပြီး အဖွဲ့လိုက်စုပေါင်းစနစ်ဖြင့် လုပ်ငန်းဆောင်ရွက်ရန်နှင့် မြေလွတ်များနှင့် လမ်းဘေးဝဲယာတစ်လျှောက်တွင် စနစ်တကျစုဖွဲ့၍ အစုအဖွဲ့စနစ်ဖြင့် မျိုးစေ့ရရှိရေးဆောင်ရွက် ကြရမှာဖြစ်ပါကြောင်း၊ ဆီဖူလုံမှုရှိစေရေးအတွက် နေကြာ၊ မြေပဲ၊ နှမ်းအစရှိသည့် ဆီထွက် သီးနှံများကို ပိုမိုတိုးချဲ့စိုက်ပျိုးရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ နေကြာစိုက်ပျိုးရာတွင် ဝတ်မှုန်ကူးခြင်းအတွက် ပျားမွေးမြူရေးကိုလည်း ဆောင်ရွက်သွားကြရန်လိုပါကြောင်း၊ သီးနှံများပန်းတိုင်အထွက်နှုန်းများရရှိစေရေးနှင့် တိုင်းဒေသကြီး၏စိုက်ပျိုးရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ တောင်သူများက ကြိုးစားဆောင်ရွက်ပေးကြစေလိုကြောင်း” အမှာစကားများပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးက စိုက်ပျိုးရေးဆိုင်ရာကိစ္စရပ်များအားလည်းကောင်း၊ လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူးက မိုးစပါးနွေစပါး ပန်းတိုင်အထွက်နှုန်းရောက်ရှိရေးကိစ္စရပ်များအားလည်းကောင်း ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီးတို့က တောင်သူများထံသို့ နေကြာမျိုးစေ့များနှင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့များ ပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်ကျွန်းမြို့နယ် အားကစားပြိုင်ပွဲရုံတွင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မော်လမြိုင်ကျွန်း မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်ဦးစီးမှူးက လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စာရင်းရေးသွင်း ရာတွင် အချက်အလက်များမှားယွင်းမှုမရှိစေရေး အဆင့်ဆင့်ကြပ်မတ် ဆောင်ရွက်ရန်၊ စာရင်းများပြည့်စုံမှန်ကန်မှုရှိစေရေး စနစ်တကျဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်းပြီးစီး ရေးအတွက် အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့ပြီး ပြည်သူများထံသို့ တိုင်းဒေသကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီးတို့က ပြုလုပ်ပြီးစီးသည့် နိုင်ငံသား စိစစ်ရေးကတ်ပြားများပေးအပ်ခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မော်လမြိုင်ကျွန်းမြို့နယ်၊ မရဲ့အုန်းပင်စုကျေးရွာအုပ်စုရှိတွင်ပြုလုပ်သည့် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)မျိုးစေ့ထုတ်ရန်အတွက် ကြဲပက်ပွဲအခမ်းအနားတက်ရောက်၍ တောင်သူများမှ စနစ်တကျစိုက်ပျိုးထွန်ယက်နေမှုများကိုကြည့်ရှုအားပေးခဲ့ပြီး တောင်သူများအနေဖြင့် သက်ဆိုင်ရာမြို့နယ်အလိုက်အုပ်စုဖွဲ့ပြီး အဖွဲ့လိုက်စုပေါင်းစနစ်ဖြင့် လုပ်ငန်းဆောင်ရွက်ရန်နှင့် အောင်မြင်အောင်ဆောင်ရွက်ရန်မှာကြားခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် ရေတော်မိုးတော်စိုက်ဧက (၂၇)သိန်းကျော်အား သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) အပြည့်အဝထည့်သွင်းနိုင်ရေးအတွက် ပိုက်ဆံလျှော်မျို့စေ့ထုတ်စိုက်ဧက (၆) သောင်းကျော်လျာထားစိုက်ပျိုးလျက်ရှိရာ ယနေ့အထိ စိုက်ဧက(၆)ထောင်ကျော် စိုက်ပျိုးပြီး ဖြစ်ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူဦးတင်အောင်သန်း၏ လယ်မြေတွင်ပြုလုပ်သည့် ဆင်းသုခမျိုး မိုးစပါးစံကွက်ရိတ်သိမ်းနေမှုများကို ကြည့်ရှုအားပေး ခဲ့ပြီး ေတာင်သူများနှင့်တွေ့ဆုံ၍ ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ခင်းများ စိုက်ပျိုးခြင်း လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရမှာဖြစ်ပါကြောင်း၊ သီးထပ်စွမ်းအားများ တိုးမြှင့်ဆောင်ရွက်ရန်လိုပါကြောင်းနှင့် ပန်းတိုင်အထွက်နှုန်းများရရှိစေရေးဆက်လက် ဆောင်ရွက်သွားကြရန်ဆွေးနွေးပြောကြားခဲ့သည်။ အဆိုပါ ဦးတင်အောင်သန်း၏လယ်မြေတွင် ဆင်းသုခမျိုးစပါး မိုးစပါးစံကွက်ရိတ်သိမ်းခဲ့ရာ တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်း( ၁၀၃) တင်း ထွက်ရှိခဲ့ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြောင်းမြခရိုင်၊ ဝါးခယ်မြို့နယ်၊ ကြာဖြူကျေးရွာရှိ တောင်သူဦးဝင်းဗိုလ်၏ လယ်မြေ(၅)ဧကတွင်ပြုလုပ်သည့် ဆင်းရွှေကြာ(၂) နေကြာမျိုးစေ့စိုက်ပျိုးနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး အောင်မြင်ဖြစ်ထွန်းစေရေးအလေးထား ဆောင်ရွက်ရန်မှာကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝါးခယ်မမြို့နယ်၊ ကြခတ်ကုန်းကျေးရွာရှိ Kubota လယ်ယာသုံးပစ္စည်းအရောင်းပြခန်းသို့ သွားရောက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စာရင်းရေးသွင်းရာတွင် အချက်အလက်များမှားယွင်းမှုမရှိစေရေး၊ ဆောင်ရွက်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအားပြည်သူများထံအမြန်ဆုံးရရှိစေရေး ဆောင်ရွက်ရန်မှာကြားခဲ့ပြီး ပြည်သူများထံသို့ တိုင်းဒေသကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် လူမှုရေးရာဝန်ကြီးတို့က ပြုလုပ်ပြီးစီးသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများပေးအပ်ခဲ့သည်။