တိုင်းဒေသကြီးဝန်ကြီးချုပ် လပွတ္တာခရိုင်တွင်လုပ်သည့် ၂၀၂၃-၂၀၂၄ခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရေးအတွက် နေကြာမျိုးစေ့နှင့်သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲအခမ်းအနားတက်ရောက်
၂ဝ၂၃-၂၀၂၄ ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရေးအတွက် နေကြာမျိုးစေ့နှင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့များ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက လပွတ္တာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ ရွေးနဒီခန်းမတွင် ပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ တောင်သူများအနေဖြင့် အချိန်မီစိုက်ပျိုးနိုင်ရန်အတွက် မျိုးစေ့များထောက်ပံ့ပေးအပ်ခြင်း ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ မိုးစပါးစိုက်ပျိုးရာသီတွင် ရေတော်မိုးတော်စိုက်ဧကတစ်သိန်းအား ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ)များ ထည့်သွင်း စိုက်ပျိုးဆောင်ရွက်ခဲ့ပါကြောင်း၊ လာမည့် ၂၀၂၄ခုနှစ်၊ မိုးစပါးစိုက်ရာသီတွင် ရေတော်မိုးတော် စိုက်ဧက(၂၇)သိန်းအား ပိုက်ဆံလျှော်များ အပြည့်အဝထည့်သွင်းစိုက်ပျိုးသွားမည်ဖြစ်၍ ပိုက်ဆံလျှော် မျိုးစေ့ထုတ်လုပ်စိုက်ပျိုးနိုင်ရေးအတွက် တောင်သူများအား မျိုးစေ့များထောက်ပံ့ပေးခြင်းလည်းဖြစ်ပါကြောင်း၊ ပိုက်ဆံလျှော်ထည့်သွင်းစိုက်ပျိုးခြင်းဖြင့်တောင်သူများ၏ လယ်ဧကများ၌ ဓာတ်မြေဩဇာလိုအပ်ချက်နှင့် မြေဆီလွှာပျက်စီးမှုများကို ပြန်လည်ကောင်းမွန်စေမည်ဖြစ်ပါကြောင်း၊ တောင်သူများအနေဖြင့် သက်ဆိုင်ရာမြို့နယ်အလိုက်အုပ်စုဖွဲ့ပြီး အဖွဲ့လိုက်စုပေါင်းစနစ်ဖြင့် လုပ်ငန်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊တိုင်းဒေသကြီးသည် စိုက်ပျိုးရေးစံပြတိုင်းဖြစ်စေရေးအတွက် ပန်းတိုင်အထွက်နှုန်းများရရှိစေရေး ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်းနှင့် တစ်ဧက(၁၀)တင်း ပိုမိုတိုးတက်ထွက်ရှိရေးအတွက်လည်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆီဖူလုံမှုရှိစေရေး အတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ နေကြာ၊ မြေပဲ၊ နှမ်းစသည့်ဆီထွက်သီးနှံများ ဖြစ်ထွန်းအောင်မြင်ရေးနှင့် ဆီဖူလုံရေးအတွက်လည်း ဝိုင်းဝန်းဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊နေကြာစိုက်ပျိုးဖြစ်ထွန်းအောင်မြင်စေရေးအတွက် အထွက်တိုးနေကြာမျိုးများသုံးစွဲစေရေး၊ စနစ်တကျစိုက်ပျိုးစေရေးဆောင်ရွက်ရန်နှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း” အမှာစကားများပြောကြားသည်။
ဆက်လက်၍ လပွတ္တာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက လပွတ္တာခရိုင်အတွင်း မိုးစပါးစိုက်ပျိုးမှုနှင့်ထွက်ရှိမှု၊ ရေတော်မိုးတော်စိုက်ဧကများတွင်ပိုက်ဆံလျှော်ထည့်သွင်းစိုက်ပျိုးမှု၊ မျိုးစေ့ထုတ်လုပ်ရန်ဆောင်ရွက်ထားရှိမှုနှင့် နေကြာစိုက်ပျိုးဆောင်ရွက်မည့် အခြေအနေများ၊ ရေငံတားတာ ဆောင်ရွက်မည့်အစီအစဉ်များအား ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီးဌာနတိုင်းဦးစီးမှူးတို့မှ ပိုက်ဆံလျှော်(သစ်စိမ်းမြေဩဇာ) ထည့်သွင်းစိုက်ပျိုးမှုနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရေးဆောင်ရွက်နေမှုအခြေအနေများရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် စိုက်ပျိုးရေးဦးစီးဌာနတိုင်းဦးစီးမှူးတို့က တောင်သူများထံသို့ နေကြာမျိုးစေ့များနှင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့များပေးအပ်ခဲ့ပြီး တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာမြို့၊ အမှတ်(၅)ရပ်ကွက်ရှိ သာသနာ့ဗိမာန်တော်ကြီး၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန၊ လပွတ္တာမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စာရင်းရေးသွင်းရာတွင် အချက်အလက်များမှားယွင်းမှုမရှိစေရေး အဆင့်ဆင့်ကြပ်မတ် ဆောင်ရွက်ရန်၊ စာရင်းများပြည့်စုံမှန်ကန်မှုရှိစေရေးစနစ်တကျဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း ပြီးစီးရေးအတွက် အလေးထားဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာမြို့၊အမှတ်(၈)ရပ်ကွက်ရှိ တိုင်းဝင်းဆန်စက်သို့သွားရောက်၍ ဆိုလာစနစ်(၄၀ ကီလိုဝပ်)ဖြင့် ဆန်ကြိတ်ခွဲထုတ်လုပ်မှုများနင့် ၄၀၀ ကီလိုဝပ်ထွက်ရှိမည့် ဆိုလာစနစ်တပ်ဆင်ဆောင်ရွက်နေမှုအခြေအနေများ ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆိုလာတပ်ဆင်မှုလုပ်ငန်းများစနစ်တကျတပ်ဆင်ဆောင်ရွက်ရန်နှင့်အောင်မြင်အောင်ဆောင်ရွက်ရန်မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် လပွတ္တာမြို့နယ်၊ ရှမ်းစုကျေးရွာ၊ တောင်သူ ဦးထွန်းမင်း၏ လယ်မြေတွင် ပြုလုပ်သည့် မိုးစပါးစံကွက်ရိတ်သိမ်းနေမှုအားကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီးဌာနတိုင်းဦးစီးမှူးမှ လပွတ္တာမြို့နယ်၏ ရေမြေသဘာဝအလိုက် မိုးစပါးစိုက်ပျိုးထားရှိမှုအခြေအနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ဧကများပြည့်မီစေရေးနှင့် မြေပြုပြင်ခြင်းများဆောင်ရွက်ထားရှိပြီဖြစ်၍ မြေအမျိုးအစားအလိုက် ကောင်း၊ သင့်၊ ညံ့ တွက်ချက်မှုများ ပြန်လည်တွက်ချက်းထားရှိရန်မှာကြားခဲ့ပြီး တောင်သူများနှင့်တွေ့ဆုံ၍ တစ်ဧက ၁၀တင်းပိုမိုတိုးတက်ထွက်ရှိစေရေးအတွက် အထွက်တိုးမျိုးစပါးများပြောင်းလဲအသုံးပြုခြင်း၊ စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးခြင်း၊ သဘာဝမြေဩဇာများအချိုးကျသုံးစွဲခြင်း၊ ပိုက်ဆံလျှော်သစ်စိမ်းမြေဩဇာများ မြေခံထည့်သွင်းစိုက်ပျိုးခြင်းများဆောင်ရွက်ခဲ့ရာ တစ်ဧကအထွက်နှုန်းများတိုးတက်လာသည်ကိုတွေ့ရှိနေပြီဖြစ်ပါကြောင်း၊ လာမည့်မိုးစပါးစိုက်ပျိုးရာသီတွင် ရေတော်မိုးတော်မိုးစပါးစိုက်ဧကအားလုံး ပိုက်ဆံလျှော်( သစ်စိမ်းဩဇာ)ထည့်သွင်းစိုက်ပျိုးသွားမှာဖြစ်၍ တောင်သူများကလည်း ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ခင်းများစိုက်ပျိုးခြင်းလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရမှာဖြစ်ပါကြောင်း၊ သီးထပ်စွမ်းအားများတိုးမြှင့်ဆောင်ရွက်ရန်လိုပါကြောင်းနှင့် ပန်းတိုင်အထွက်နှုန်းများရရှိစေရေးဆက်လက်ဆောင်ရွက်သွားကြရန်ဆွေးနွေးပြောကြားခဲ့ပြီးနောက် တောင်သူများ၏တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး စံကွက်ရိတ်သိမ်းနေမှုအားကြည့်ရှုအားပေးခဲ့သည်။
အဆိုပါတောင်သူ ဦးထွန်းမင်း၏ ဆင်းသုခမျိုးစပါး မိုးစပါးစံကွက်ရိတ်သိမ်းခဲ့ရာတွင် တစ်ဧကလျှင် ပျမ်းမျှ အထွက်နှုန်း( ၁၂၀)တင်းထွက်ရှိခဲ့ပြီး အထွက်တိုးမျိုးစပါးများပြောင်းလဲအသုံးခြင်း၊ စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးခြင်း၊ သဘာဝမြေဩဇာများအချိုးကျသုံးစွဲခြင်း၊ ပိုက်ဆံလျှော်သစ်စိမ်းမြေဩဇာ များမြေခံထည့်သွင်းစိုက်ပျိုးခြင်းများအပြင် ရိတ်သိမ်းခြွေလှေ့စက်မောင်းသင်တန်းဆင်းများမှ စနစ်တကျဖြင့်ရိတ်သိမ်းခြင်းတို့ကြောင့် လေလွင့်မှုများနည်းပါးကာ အထွက်နှုန်းတိုးခြင်းဖြစ်ကြောင်းသိရသည်။