ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေး(၃/၂ဝ၂၃)ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အစည်းအဝေး (၃/၂ဝ၂၃) အစည်းအဝေးအား ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁) တွင်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊  လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က “လယ်ယာမြေနှင့်ပတ်သက်သည့် အမှုတွဲများအပေါ်သမာသမတ်ရှိရှိဖြင့် မှန်ကန်စွာစစ်ဆေးဆောင်ရွက်ရန်လိုပါကြောင်း၊ မြေယာ လျော်ကြေး ကိစ္စများအား မြန်မြန်ဆန်ဆန်ဆောင်ရွက်ကြရန်လိုပါကြောင်း၊ ရှင်းလင်းတင်ပြမည့် အမှုတွဲများကို အချက်အလက်များပြည့်ပြည့်စုံစုံအချိတ်ဆက်မိမိဖြင့် ရှင်းလင်းတင်ပြရန်နှင့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ကြရန်လိုပါကြောင်းနှင့် ကော်မတီဝင်များကလည်း သက်ဆိုင်ရာကဏ္ဍအလိုက်ဝိုင်းဝန်း အကြံပြုဆွေးနွေးတင်ပြကြရန် ” အမှာစကား ပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အတွင်းရေးမှူးက  ဟင်္သာတနှင့် မအူပင်ခရိုင်အတွင်းရှိ လယ်ယာမြေများအတွက် နစ်နာကြေးနှင့် လျော်ကြေးငွေစာရင်းကိစ္စ၊ လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇) ပျောက်ဆုံး၊ ပျက်စီးခြင်းအတွက် ဒုတိယမူရင်း (သို့မဟုတ်) မိတ္တူမှန်ထုတ်ယူခွင့်ပြုပါရန်တင်ပြလာခြင်းကိစ္စ၊ လ/န(၃၉)ခွင့်ပြုမိန့် ပယ်ဖျက် အမှုတွဲပေးပို့တင်ပြခြင်းကိစ္စ၊ ၂၀၁၂ခုနှစ်၊ လယ်ယာမြေဥပဒေပုဒ်မ(၃၀) အရ လယ်ယာမြေကို အခြားနည်းအသုံးပြုရန်လျှောက်ထားခြင်းကိစ္စများအား ရှင်းလင်းတင်ပြခဲ့ပြီးနောက်  အဖွဲ့ဝင်များကအထွေထွေဆွေးနွေးတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်းသိရသည်။

14-Nov-2023