တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့တွင်ဖွင့်လှစ်သည့် လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများ သင်တန်း (၄/၂၀၂၃)ဖွင့်ပွဲအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊  ပုသိမ်မြို့တွင် လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများသင်တန်း (၄/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စိုက်ပျိုးရေးဦးဌာနမှတာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများသင်တန်း (၄/၂၀၂၃)ကို ပိုးသတ်ဆေးဥပဒေအား သက်ဝင်လှုပ်ရှားစေရန်၊ ပိုးသတ်ဆေးနှင့် ပိုးသတ်ဆေး ဓာတ်ကြွင်းအန္တရာယ်ကိုသိရှိနားလည်ပြီး စနစ်တကျကိုင်တွယ်သုံးစွဲတတ်စေရန်၊ ဘက်စုံသီးနှံ ကာကွယ်ရေးလုပ်ငန်းစဉ်တွင် ဓာတုနည်းဖြင့်ကာကွယ်နှိမ်နင်းခြင်းလုပ်ငန်း ထိရောက် အောင်မြင်စေရန်၊ ဘေးကင်းလုံခြုံစိတ်ချရသောစားသုံးသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်မပျက် ရေရှည်စိုက်ပျိုးထုတ်လုပ်နိုင်ရေးကို အထောက်အကူပြုစေရန် စသည့်ရည်ရွယ်ချက်များနှင့် ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်ပြီး မိုးစပါးနွေစပါးဧက(၅၂)သိန်းကျော် စိုက်ပျိုးလျက်ရှိ၍ စပါးတင်းသိန်းပေါင်းလေးထောင်ကျော်ထွက်ရှိပါကြောင်း၊ ယခုနှစ်မိုးစပါးစိုက်ရာသီမှစ၍ တစ်ဧက (၁၀)တင်းနှုန်းပိုမိုတိုးတက် ထွက်ရှိရေးအတွက်ဆောင်ရွက်ခဲ့ပါကြောင်း၊ ပဲမျိုးစုံဧက (၁၆) သိန်းကျော်စိုက်ပျိုးလျက်ရှိပြီး ဆီထွက်သီးနှံမြေပဲ၊ နှမ်း၊ နေကြာများကိုလည်း နှစ်အလိုက် ရည်မှန်းချက်ထား တိုးတက်စိုက်ပျိုးဆောင်ရွက်လျက်ရှိပါကြောင်း၊ အယ်နီညိုရာသီဥတုကြောင့် ထိခိုက်လာနိုင်မှုအခြေအနေအပေါ်တွက်ဆပြီး သီးနှံများစိုက်ပျိုးရာတွင် စိုက်ပျိုးရေးပညာရှင်များ၏ အကြံဉာဏ်များရယူစိုက်ပျိုးရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ယခုသင်တန်း တက်ရောက်နေသူများသည် စိုက်ပျိုးရေးနှင့်ဆက်နွယ်နေသူများဖြစ်ပါကြောင်းနှင့်သင်တန်းတွင် ပိုးသတ်ဆေးများအား လက်တွေ့သုံးစွဲသူများ၊ ရောင်းချမည့်သူများဆေးကုမ္ပဏီများနှင့် စိတ်ဝင်စားသည့်ကျောင်းသားများလည်းပါရှိကြောင်း၊ပိုးမွှားအန္တရာယ်ကင်းစင်ပြီးကျန်းမာရေးနှင့် ညီညွတ်မျှတသည့်သီးနှံများ ဈေးကွက်အတွင်းရောင်းချနိုင်ရန်အတွက် တောင်သူများအနေဖြင့်လည်း စနစ်တကျစိုက်ပျိုးခြင်း၊ ပိုးသတ်ဆေးများ စနစ်တကျသုံးစွဲခြင်းများဖြင့် ဆောင်ရွက်သွားရန်လည်း လိုအပ်ပါကြောင်း၊ ပိုးသတ်ဆေးသုံးစွဲသူများ၊ ရောင်းချသူများအနေဖြင့် ပိုးသတ်ဆေးများ၏ အကျိုးအာနိသင်များ၊ အန္တရာယ်ဖြစ်စေနိုင်မှုများကို နှံ့နှံ့စပ်စပ်သိရှိကြရန် လိုအပ်ပြီး အသုံးပြုမည့်တောင်သူများအား သေချာစွာအသိပညာပေးရန်လိုအပ်ပါကြောင်း၊ ယခုသင်တန်းသည် အကျိုးရှိသည့် သင်တန်းတစ်ခုဖြစ်ပြီး မိမိတို့ရရှိသည့် အသိပညာများကို ဆင့်ပွားမျှဝေအသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်သွားကြစေလိုကြောင်း” အမှာစကား ပြောကြားသည်။ 

ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြခဲ့သည်။  အဆိုပါသင်တန်းအား ယခုလ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ(၁၇၀ ) ဦး တက်ရောက်လျက်ရှိကြောင်းသိရသည်။

14-Nov-2023