ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလား ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ တက်ရောက်

မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလားဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားအား ယနေ့ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာ များ၊ မြန်မာဘော်လီဘောလူမှုရေးအသင်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အသက် (၁၈) နှစ်အောက် ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အား ကျင်းပရာ ရွှေဒေး (ယူ-၁၈)အသင်းနှင့် ရွှေပုသိမ် (ယူ-၁၈)အသင်းတို့မှ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြပြီး ရွှေပုသိမ် (ယူ-၁၈)အသင်းက ရွှေဒေး(ယူ-၁၈) အသင်းအား ငါးပွဲကစား သုံးပွဲနိုင်ရလဒ်ဖြင့် အနိုင်ရရှိခဲ့ ပါသည်။

ဆက်လက်၍ အသက် (၂၅) နှစ်အောက် ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အား ကျင်းပရာ Golden Brother(ယူ-၂၅)အသင်းနှင့် ရွှေပုသိမ် (ယူ-၂၅)အသင်းတို့မှ အကြိတ်အနယ် ယှဉ်ပြိုင် ခဲ့ကြပြီး ရွှေပုသိမ် (ယူ-၂၅) အသင်းက Golden Brother (ယူ-၂၅) အသင်းအား  လေးပွဲကစား သုံးပွဲနိုင်ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါသည်။

ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားအား ကျင်းပရာ ပြိုင်ပွဲတွင်ကူညီဆောင်ရွက်ပေးခဲ့သော ဒိုင်လူကြီးများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့်အမှတ်တရလက်ဆောင်များကို မြန်မာဘော်လီဘောလူမှုရေးအသင်း ဥက္ကဌ၊ ဒုတိယဥက္ကဌနှင့် အတွင်းရေးမှူးတို့ ကလည်းကောင်း၊ အသက် (၁၈) နှစ်အောက်ပြိုင်ပွဲတွင် စတုတ္ထဆုရရှိသော အိမ်မဲလူငယ်အသင်းမှ အားကစားသမားများအား ငွေသားဆုကို မြန်မာဘော်လီဘောလူမှုရေးအသင်းအဖွဲ့ဝင် မြန်မာ့လက်ရွေးစင်ကစားသမားဟောင်း ဒေါ်ဂျနီဖာတင်လေးနှင့် ဒေါ်သူဇာတင် တို့ကလည်းကောင်း၊ အသက် (၁၈) နှစ်အောက် ပြိုင်ပွဲတွင် တတိယဆုရရှိသော ခနောင်အသင်းမှ အားကစားသမားများအား တစ်ဦးချင်းဆုနှင့် ငွေသားဆုကို မြန်မာဘော်လီဘောလူမှုရေးအသင်းအဖွဲ့ဝင် ဦးမင်းဟန်နှင့် ဇနီး ဒေါ်ကြည်ကြည်အေး တို့ကလည်းကောင်း၊ အသက် (၁၈) နှစ်အောက်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော ရွှေဒေးအသင်းမှ အားကစားသမားများအား တစ်ဦးချင်းဆုနှင့် ငွေသားဆုကို  ပြိုင်ပွဲကျင်းပရေးကော်မတီဥက္ကဌကလည်းကောင်း၊ အသက် (၁၈) နှစ်အောက်ပြိုင်ပွဲတွင် အကောင်းဆုံးဆုရရှိသော ရွှေပုသိမ်အသင်းမှ အားကစားသမား စောမက်သရူးအေးအား တစ်ဦးချင်းဆုနှင့် ငွေသား ဆုကို မြန်မာဘော်လီဘောလူမှုရေးအသင်း ဒုဥက္ကဌကလည်းကောင်း၊ အသက် (၁၈) နှစ်အောက် ပြိုင်ပွဲတွင် ပထမဆုရရှိသော ရွှေပုသိမ်အသင်းမှ အားကစားသမားများအား တစ်ဦးချင်းဆု၊ ငွေသားဆုနှင့် တံခွန်စိုက်ဆုဖလားကို မြန်မာဘော်လီဘောလူမှုရေးအသင်း ဥက္ကဌ ကလည်းကောင်း အသီးသီးချီးမြှင့်ခဲ့ပါသည်။

ထို့နောက် အသက် (၂၅) နှစ်အောက်ပြိုင်ပွဲတွင် ဆုရရှိသည့်အသင်းများအား ဆက်လက် ဆုချီးမြှင့်ရာ စတုတ္ထဆုရရှိသော အိမ်မဲလူငယ်အသင်းမှ အားကစားသမားများအား ငွေသားဆုကို  လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ အသက် (၂၅) နှစ်အောက်ပြိုင်ပွဲတွင် တတိယဆုရရှိသော ရွှေထုံး အသင်းမှ အားကစားသမားများအား တစ်ဦးချင်းဆုနှင့် ငွေသားဆုကို သယံဇာတရေးရာဝန်ကြီးကလည်းကောင်း၊ အသက် (၂၅) နှစ်အောက်ပြိုင်ပွဲတွင် ဒုတိယဆုရရှိသော Golden Brother အသင်းမှ အားကစားသမားများအား တစ်ဦးချင်းဆုနှင့် ငွေသားဆုကို စီးပွားရေးရာ ဝန်ကြီးကလည်းကောင်း၊ အသက် (၂၅) နှစ်အောက်ပြိုင်ပွဲတွင် အကောင်းဆုံးဆုရရှိသော ရွှေပုသိမ်အသင်းမှ အားကစားသမား စောအယ်ထီးကော်အား တစ်ဦးချင်းဆုနှင့် ငွေသားဆုကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကလည်းကောင်း ချီးမြှင့်ခဲ့ပါသည်။ 

ဆက်လက်၍ အသက် (၂၅) နှစ်အောက်ပြိုင်ပွဲတွင် ပထမဆုရရှိသော ရွှေပုသိမ်အသင်းမှ အားကစားသမားများအား တစ်ဦးချင်းဆု၊ ငွေသားဆုနှင့် တံခွန်စိုက် ဆုဖလားကို တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက ချီးမြှင့်ခဲ့ပြီး အမှတ်တရဓါတ်ပုံများရိုက်ကူးခဲ့ပါသည်။

12-Nov-2023