ရေကြည်မြို့နယ်၊ ကွင်းသုံးဆင့်ကျေးရွာတွင် ကျင်းပပြုလုပ်သည့် မိုးစပါးစံကွက်ရိတ်သိမ်းပွဲနှင့် ဒေသခံတောင်သူများနှင့်တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ဒေါင့်မဒေါ့ကျေးရွာအုပ်စု၊ တောင်သူ ဦးမြင့်သိန်း၏ ပျဥ်းကတိုး၊ ကျွန်း၊ ယူကလစ်၊ မဟော်ဂနီ၊ ပြည်လုံးချမ်းသာ၊ မန်ဂျန်ရှား နှစ်ရှည်ပင် သစ်တောစိုက်ခင်း(၁၂)ဧက ကြားတွင် ကော်ဖီသီးနှံ သီးညှပ်စိုက်ပျိုးဖြစ်ထွန်းနေမှုများအား ကြည့်ရှုအားပေးခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရေကြည်မြို့နယ်၊ ကွင်းသုံးဆင့်ကျေးရွာအုပ်စုရှိ တောင်သူဦးမြင့်သိန်း၏ လယ်မြေ(၂)ဧကတွင်ကျင်းပပြုလုပ်သည့် နယူးဧရာ(၁)မျိုးစပါး မိုးစပါးစံကွက်ရိတ်သိမ်းပွဲသို့တက်ရောက်အားပေးခဲ့ပါသည်။ အဆိုပါ တောင်သူ ဦးမြင့်သိန်း၏ လယ်မြေမှ နယူးဧရာ(၁)မျိုးစပါး (၁)ဧကလျှင် စပါးအခြောက်(၁၀၅.၄)တင်း ထွက်ရှိခဲ့ပါသည်။
ဆက်လက်၍ အဆိုပါလယ်မြေတွင် ဒေသခံတောင်သူများနှင့် တွေ့ဆုံပွဲအား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်ပြီး မြန်မာနိုင်ငံ၏ စပါးကျီဟုတင်စားရသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ မိုးစပါး၊ နွေစပါးစိုက်ပျိုးဧက(၅၂)သိန်းကျော်ရှိပြီး စပါးတင်းသိန်းပေါင်း လေးထောင်ကျော်ထွက်ရှိပါကြောင်း၊ ပန်းတိုင်အထွက်နှုန်းရောက်ရှိရန် ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီမှစ၍ တစ်ဧက(၁၀)တင်းနှုန်းပိုမိုတိုးတက်ထွက်ရှိရေးအတွက် ဆွေးနွေးပွဲများပြုလုပ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ပန်းတိုင်အထွက်နှုန်းအဖြစ် မိုးစပါး တစ်ဧကလျှင် တင်း ၁၀၀ နှုန်းနှင့် နွေစပါး တစ်ဧကလျှင် တင်း ၁၁၀ နှုန်းရည်မှန်းချက်ထားရှိပါကြောင်း၊ ယခုနှစ်သည် နွေစပါး ပန်းတိုင်အထွက်နှုန်းရောက်ရှိရမည့်နှစ်ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိအောင်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်မိုးစပါးစိုက်ရာသီတွင် ရေတော်မိုးတော်စိုက်ဧက(၂၇)သိန်းတွင် သစ်စိမ်းမြေဩဇာ ပိုက်ဆံလျှော်များ ထည့်သွင်း စိုက်ပျိုးနိုင်ရေးအတွက် မျိုးစေ့ထုတ်ရန် ပိုက်ဆံလျှော်မျို့စေ့များ ထောက်ပံ့ပေးအပ်ထားပါကြောင်း၊ တောင်သူများမှ အုပ်စုအလိုက်၊ ကွင်းအလိုက် စုဖွဲ့၍ မျိုးစေ့ထုတ်ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ မြေဆီလွှာပျက်စီးမှုများကို ပြန်လည်ကောင်းမွန်စေရေးအတွက် သစ်စိမ်းမြေဩဇာများ ထည့်သွင်းစိုက်ပျိုးခြင်း၊ ဓါတ်မြေဩဇာသုံးစွဲမှုများ လျှော့ချနိုင်ရေးနှင့် တောင်သူများ၏ သွင်းအားစုများကုန်ကျစရိတ်များသက်သာစေရေးအတွက် ဆောင်ရွက်ခြင်းလည်းဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စားသုံးဆီအပြည့်အဝအဖူလုံစေရေးအတွက် မြေပဲ၊ နှမ်းအပြင် ဆီထွက်သီးနှံနေကြာများကို တိုးချဲ့စိုက်ပျိုးလျက်ရှိပါကြောင်း၊ နေကြာစိုက်ပျိုးဖြစ်ထွန်းအောင်မြင်စေရေးအတွက် အထွက်တိုးနေကြာမျိုးများသုံးစွဲစေရေး၊ စနစ်တကျစိုက်ပျိုးစေရေးကိုလည်းဆောင်ရွက်ရန်လိုပါကြောင်း၊ နေကြာစိုက်ပျိုးရာတွင် များစွာအထောင်အကူပြုသည့် ပျားမွေးမြူရေးလုပ်ငန်းကိုလည်းဆောင်ရွက်ကြရန်လိုကြောင်း၊ ပျားမွေးမြူရေးလုပ်ငန်းမှလည်း ပျားရည်ရရှိ၍ တောင်သူများအတွက် ဝင်ငွေများရရှိမှာဖြစ်ကြောင်း၊ တောင်သူကြီးများအနေဖြင့် စိုက်ပျိုးသီးနံများပန်းတိုင်အထွက်နှုန်းရောက်ရှိအောင် ဝိုင်းဝန်းကြိုးစားဆောင်ရွက်ပေးစေလိုကြောင်း” အမှာစကားများပြောကြားသည်။
ထို့နောက် မြန်မာနယူးဧရာစိုက်ပျိုးရေးကုမ္ပဏီ မျိုးစေ့တာဝန်ခံက ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့ပါသည်။ ထို့နောက် တက်ရောက်လာသောတောင်သူများက သိရှိလိုသည်များနှင့် လိုအပ်ချက်များအား တင်ပြခဲ့ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပြီး ဌာနဆိုင်ရာများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။
ထို့နောက် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် စိုက်ပျိုးရေးလုပ်ငန်းများနှင့် လယ်ယာမြေအား ခွင့်ပြုချက်မရှိဘဲ အခြားနည်းအသုံးပြုခြင်းကိစ္စရပ်များနှင့်ပတ်သက်၍ လည်းကောင်း တောင်သူ ဦးမြင့်သိန်းမှ သဘာဝမြေသြဇာနှင့် ဓါတ်မြေဩဇာအသုံးပြုနည်းလမ်းများအားလည်းကောင်း ဒေသခံတောင်သူများအား အသိပညာပေးဆွေးနွေးခဲ့ကြပါသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အခမ်းအနားအားရုတ်သိမ်းခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွင်းသုံးဆင့်ကျေးရွာ ကျောင်းတိုက်ဆရာတော် ဥူးပညိန္ဒအား သွားရောက်ဖူးမြှော်ကြည်ညို၍ ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းပူဇော်ခဲ့ပြီး သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပါသည်။