အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများပေးပို့ရန် ပြင်ဆင်ဆောင်ရွက်နေမှုများအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့အတွင်းရေးမှူး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်ကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများပေးပို့ရန် ပြင်ဆင်ဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများမှ လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ တိုင်းဒေသကြီးအတွင်းရှိ ခရိုင်၊ မြို့နယ်များမှ စုပေါင်း၍ ငါးနီတူခြောက်ကြော်၊ ငါးပိကြော်နှင့် ငံပြာရည်ကြော် စုစုပေါင်း(၁၂၄၂)ပိသာအား မော်တော်ယာဥ်ပေါ်သို့ တင်ဆောင်နေမှုကို ကြည့်ရှအားပေးခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ပုသိမ်မြို့ကျက်သရေဆောင် ရွှေမုဌောမဟာစေတီတော်မြတ်ကြီးသို့ သွားရောက်ဖူးမြှော်ကြည်ညိုခဲ့ပြီးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် ဂေါပအဖွဲ့ဝင်များမှ ဘုရားဖူးဧည့်သည်များ လာရောက်ဖူးမြှော်ကြည်ညိုနေမှုများ၊ ရွှေမုဌောမဟာစေတီတော်မြတ်ကြီး နှင့် အရံစေတီတော်များအား ရွှေသင်္ကန်းကပ်လှူပူဇော်နိုင်ရန် ဆောင်ရွက်နေမှုအခြေအနေများ၊ (၃၆)ကြိမ်မြောက် မသိုးသင်္ကန်းကပ်လှူပူဇော်ပွဲနှင့် ဆွမ်းတော်ကြီးကပ်လှူပူဇော်ပွဲအတွက် ယက္ကန်းစင်တော်ကြီးများ ပြင်ဆင်ဆောင်ရွက်ထားမှုများအား လိုက်လံရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စေတီတော်မြတ်ကြီးအား အများပြည်သူများ စိတ်အေး ချမ်းသာစွာ ဖူးမြှော်ကြည်ညိုနိုင်ရေးဆောင်ရွက်ကြရန်နှင့် သန့်ရှင်းရေးလုပ်ငန်းများ စနစ်တကျဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။