ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်နှင့် မအူပင်ခရိုင်၌ပြုလုပ်သည့် ၂၀၂၃-၂၀၂၄၊ ဆောင်းသီးနှံစိုက်ပျိုးရေးအတွက် စပါးမျိုးစေ့၊ နေကြာမျိုးစေ့နှင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်တက်ရောက်
၂၀၂၃-၂၀၂၄၊ ဆောင်းသီးနှံစိုက်ပျိုးရေးအတွက် စပါးမျိုးစေ့၊ နေကြာမျိုးစေ့၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဖျာပုံခရိုင်၊ ဖျာပုံမြို့၊ သိရိအဏ္ဏဝါခန်းမ၌ပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တောင်သူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“၂၀၂၄ ခုနှစ်မိုးစပါးစိုက်ရာသီတွင် ရေတော်မိုးတော်စိုက်ဧက(၂၇)သိန်းအားထည့်သွင်းစိုက်ပျိုးနိုင်ရန် ပိုက်ဆံလျှော်မျိုးစေ့၊ နွေစပါးအတွက်မျိုးစပါးနှင့် ဆောင်းသီးနှံနေကြာအတွက်မျိုးစေ့များပေးအပ်ခြင်း ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ပန်းတိုင်အထွက်နှုန်းရောက်ရှိရန် ယခုနှစ်မိုးစပါးစိုက်ပျိုးရာသီမှစ၍ တစ်ဧက(၁၀)တင်းနှုန်းပိုမိုတိုးတက်ထွက်ရှိရေးအတွက် ပြီးခဲ့သည့် တောင်သူလယ်သမားနေ့တွင် ဆွေးနွေးပွဲများပြုလုပ်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါကြောင်း၊ ပန်းတိုင်အထွက်နှုန်းအဖြစ် မိုးစပါး တစ်ဧကလျှင် တင်း ၁၀၀ နှုန်းနှင့် နွေစပါး တစ်ဧကလျှင် တင်း ၁၁၀ နှုန်းရည်မှန်းချက်ထားရှိပါကြောင်း၊ ယခင်နှစ်နွေစပါးအထွက်နှုန်းအရ ယခုနှစ်သည် နွေစပါး ပန်းတိုင်အထွက်နှုန်းရောက်ရှိရမည့်နှစ်ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီးဖြစ်ပြီး မြန်မာနိုင်ငံ၏ စပါးကျီဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအတွင်း စားသုံးဆီအပြည့်အဝအဖူလုံစေရေးအတွက် မြေပဲ၊ နှမ်းအပြင် ဆီထွက်သီးနှံနေကြာများကို တိုးချဲ့စိုက်ပျိုးလျက်ရှိပါကြောင်း၊ နေကြာစိုက်ပျိုးဖြစ်ထွန်းအောင်မြင်စေရေးအတွက် အထွက်တိုးနေကြာမျိုးများသုံးစွဲစေရေး၊ စနစ်တကျစိုက်ပျိုးစေရေးကိုလည်းဆောင်ရွက်ရန်လိုပါကြောင်း၊ မြေဆီလွှာပျက်စီးမှုများကို ပြန်လည်ကောင်းမွန်စေရေးအတွက် သစ်စိမ်းမြေဩဇာများ ထည့်သွင်းစိုက်ပျိုးခြင်း၊ ဓါတ်မြေဩဇာသုံးစွဲမှုများ လျှော့ချနိုင်ရေးနှင့် တောင်သူများ၏ သွင်းအားစုများကုန်ကျစရိတ်များသက်သာစေရေးအတွက် ဆောင်ရွက်ခြင်းလည်းဖြစ်ပါကြောင်း၊ ပိုက်ဆံလျှော်မျိုးစေ့များအချိန်မီထုတ်လုပ်နိုင်ရန်၊ ဆောင်းသီးနှံစပါးနှင့်နေကြာအချိန်မီစိုက်ပျိုးနိုင်ရန် တောင်သူများထံသို့ ယခုကဲ့သို့မျိုးစေ့များပေးအပ်ခြင်းဖြစ်ပြီး အောင်မြင်အောင်ဝိုင်းဝန်းဆောင်ရွက်ကြိုးပမ်းပေးကြစေလိုကြောင်း” အမှာစကားများပြောကြားသည်။
ဆက်လက်၍ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူးက ခရိုင်အတွင်းပိုက်ဆံလျှော် (မျိုးစေ့ထုတ်)နှင့် နေကြာစိုက်ပျိုးမှု အခြေအနေများ၊ ၂၀၂၃ခုနှစ် မိုးစပါးစိုက်ပျိုးမှုနှင့် ထွက်ရှိမှု၊ တစ်ဧက(၁၀)တင်းနှုန်းပိုမိုတိုးတက်ထွက်ရှိရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ခရိုင်ဦးစီးမှူးက တောင်သူများထံပိုက်ဆံလျှော်မျိုးစေ့၊ နေကြာမျိုးစေ့နှင့် စပါးမျိုးစေ့များ ပေးအပ်ရခြင်းရည်ရွယ်ချက်များနှင့် စိုက်ပျိုးဆောင်ရွက်မည့် အခြေအနေများအား လည်းကောင်း ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က ဖျာပုံ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲမြို့နယ်များမှ တောင်သူများထံသို့ ပိုက်ဆံလျှော်မျိုးစေ့၊ နေကြာမျိုးစေ့နှင့် စပါးမျိုးစေ့များအားပေးအပ်ခဲ့ပြီး တောင်သူတစ်ဦးကကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဖျာပုံမြို့နယ်၊ ကျုံတာရှမ်းကွင်းကျေးရွာအုပ်စု၊ ဖျာပုံ-ကျိုက်လတ်ကားလမ်းဘေးရှိ ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ခင်းဧက(၂၀)အား ကြည့်ရှုခဲ့ရာ လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီးဌာန တိုင်းဦးစီးမှူးနှင့် ခရိုင်စိုက်ပျိုးရေးဦးစီးမှူးတို့က ၂၀၂၃-၂၀၂၄ခုနှစ်၊ ဖျာပုံမြို့နယ်၏ ကျေးရွာအုပ်စု/ကွင်းအလိုက် ပထမအကြိမ်အဖြစ် ပိုက်ဆံလျှော် မျိုးစေ့ထုတ် စိုက်ဧက (၂၀) ဧက စိုက်ပျိုးပြီးစီးမှုနှင့် ဒုတိယအကြိမ်တွင် ဧက (၁၆၀၀) ပိုက်ဆံလျှော်မျိုးစေ့ စိုက်ပျိုးထုတ်လုပ်မည့် အစီအစဥ်များအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပိုက်ဆံလျှော်မျိုးစေ့များ တောင်သူများထံသို့ အချိန်မီရောက်ရှိ၍ ထည့်သွင်းစိုက်ပျိုးနိုင်ရေးဆောင်ရွက်ပေးရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မအူပင်ခရိုင်၊ မအူပင်မြို့တိုးရွှေဝါခန်းမ၌ပြုလုပ်သည့် ၂၀၂၃-၂၀၂၄၊ ဆောင်းသီးနှံစိုက်ပျိုးရေးအတွက် နေကြာမျိုးစေ့၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်၍အမှာစကားများပြောကြားသည်။ ထို့နောက် ခရိုင်အုပ်ချုပ်ရေးက တိုင်းဒေသကြီးဝန်ကြီးချုပ်အား မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုက်ဆံလျှော်ထည့်သွင်းစိုက်ပျိုးနိုင်မှု၊ ပိုက်ဆံလျှော်မျိုးစေ့များမြို့နယ်များအလိုက် ဆက်လက်ပေးအပ်သွားမည့်အခြေအနေများနှင့် စပါးတစ်ဧက(၁၀)တင်းနှုန်းပိုမိုတိုးတက်ထွက်ရှိရေးဆောင်ရွက်ထားရှိမှုအခြေအနေများကိုရှင်းလင်းတင်ပြသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူးက တောင်သူများထံပိုက်ဆံလျှော်မျိုးစေ့၊ နေကြာမျိုးစေ့နှင့် စပါးမျိုးစေ့များ ပေးအပ်ရခြင်းရည်ရွယ်ချက်များအားရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့က မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူနယ်တို့မှ တောင်သူများထံသို့ ပိုက်ဆံလျှော်မျိုးစေ့များနှင့် နေကြာမျိုးစေ့များပေးအပ်ခဲ့ပြီး တောင်သူတစ်ဉီးက ကျေးဇူးတင်စကားများပြန်လည်ပြောကြားခဲ့ပါသည်။