တိုင်းဒေသကြီး ဝန်ကြီးချုပ် ပြည်နယ်နှင့်တိုင်းဒေသကြီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြုအသင်းအား အောင်နိုင်ရေးအလံပေးအပ်
၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ(၁)၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အုပ်ချုပ် ၊ နည်းပြ ၊ အားကစားသမားများက တစ်ဦးချင်းမိတ်ဆက်ပြီးနောက် ဧရာဝတီတိုင်းဒေသကြီး အေဒိုးဗစ်အသင်း အုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် အသင်းအားတွေ့ဆုံ၍ အောင်နိုင်ရေးအလံပေးအပ်ခြင်းနှင့် ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်ခြင်း ဖြစ်ပါကြောင်း၊ ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)အားကစားနည်းသည်ယခုအခါ လေ့လာလိုက်စားလာကြသည့် အားကစားနည်းလည်းဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်များအနေဖြင့် တိုင်းဒေသကြီးအတွင်းရှိ(၂၆)မြို့နယ်မှ အကောင်းဆုံးရွေးချယ်ထားသည့်အတွက်ကြောင့် လေ့ကျင့်သားပြည့်ဝမှုအပြင် စုစည်းမှုအားကောင်းကောင်းဖြင့်လည်း ယှဉ်ပြိုင်ဆောင်ရွက်သွားကြရန်လည်း လိုအပ်ပြီး တိုင်းဒေသကြီးကိုယ်စားပြုယှဉ်ပြိုင်ရမည်ဟူသည့် စိတ်ဓာတ်မွေးရန်လိုအပ်မည်ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်များသည် သွက်လက်ဖြတ်လက်၍ ညီညာမှုရှိစွာ ယှဥ်ပြိုင်ကြရန်လိုပြီး တစ်ဦးချင်းကောင်းမှ အဖွဲ့လိုက်ကောင်းမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးကိုလည်းအထူးဂရုစိုက်ရန်လိုအပ်မည်ဖြစ်ပါကြောင်းနှင့် လေ့ကျင့်ခန်းကိုလည်းရရှိသည့်အချိန်တွင် အသင်းအုပ်ချုပ်သူ၊ နည်းပြများ၏ သွန်သင်ပြသမှုများကို လိုက်နာ၍ လေ့ကျင့်ရန်လိုပါကြောင်း၊ ယခုအားကစားနည်းအား သွားရောက်ယှဉ်ပြိင်မည့် ပြိင်ပွဲဝင်များအနေဖြင့် တိုင်းဒေသကြီးကိုယ်စားပြု၍ အောင်ပွဲနှင့်ဆုတံဆိပ်များရရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုပါကြောင်း” တိုက်တွန်းအမှာစကားများပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြု ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)အသင်းမှ တာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်းသိရသည်။