တိုင်းဒေသကြီးဝန်ကြီးချုပ် မြန်အောင်ခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများကွင်းဆင်းကြည့်ရှစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများလိုက်ပါလျက် နိုဝင်ဘာလ ၇ရက်နေ့ညနေပိုင်းတွင် မြန်အောင်ခရိုင်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများကွင်းဆင်းကြည့်ရှစစ်ဆေးခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြန်အောင်မြို့နယ်၊ ဆင်ကျုံးချောင်းအား ပြန်လည်တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုများကိုကြည့်ရှုစစ်ဆေးခဲ့ရာ ခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တာဝန်ရှိများက ဆင်ကျုံးမြောင်းပြန်လည်တူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ ရေမြောင်းတူးဖော်ခြင်းလုပ်ငန်းများဆက်လက်ဆောင်ရွက်သွားမည့်အခြေအ နေများနှင့် စိုက်ပျိုးရေလုံလောက်စွာရရှိနိုင်ရေးနှင့်ရေဝင်ရေထွက်ကောင်းမွန်စေ​ရေးဆောင်ရွက်မည့်အခြေအနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ လုပ်ငန်းများသတ်မှတ်ကာလအတွင်းပြီးစီးစေရေး၊ ရေမြောင်းတူးဖော်ပြီးပါက မြောင်းတာဘောင်များ၊ မြေလွတ်များတွင် သီးနှံများစိုက်ပျိုးနိုင်ရေးဆောင်ရွက်ရန်မှာကြားခဲ့သည်။

အဆိုပါ ဆင်းကျုံးမြောင်းအား အလျား (၁.၈၉၃)မိုင် မြေကြီးကျင်း၁၈၇၉၅ကျင်း၊ ထိပ်ဝအကျယ် ၃၆ပေ၊ အောက်ခြေအကျယ် ၂၀ပေ၊ ပျမ်းမျှ အမြင့်/အနက် ၈ပေ ပြန်လည်တူးဖော်ခြင်းဖြစ်ပြီး မိုးစပါးစိုက်ဧက (၂၆၀၀)ဧက အားရေကြီးနစ်မြုပ်ခြင်းမှ ကာကွယ်ပေးနိုင်မှာဖြစ်ကြောင်းသိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အင်္ဂပူမြို့နယ်၊ ညောင်ချဉ်ကျေးရွာသို့သွားရောက်၍ တောင်သူဦးအေးလွင်၏ ယာမြေ ၅ ဧကတွင် မိုးမြေပဲ(မကွေး- ၁၂) ဒုတိယအကြိမ်စိုက်ပျိုးထားရှိမှုနှင့်(ဆင်းရွှေကြာ-၂) နေကြာစိုက်ပျိုးထားရှိမှုတို့အားကြည့်ရှုအားပေးခဲ့ပြီး တောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံ၍ နေကြာအပါအဝင်ဆီထွက်သီးနှံများပိုမိုအောင်မြင်အောင်စိုက်ပျိုးစေရေး၊ အထွက်တိုးမျိုးကောင်းများမျိုးသန့်များစိုက်ပျိုးစေရေးနှင့် အောင်မြင်အောင်စိုက်ပျိုးစေရေးမှာကြားခဲ့ကြောင်းသိရသည်။

08-Nov-2023