ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလားဘော်လီဘောပြိုင်ပွဲဖွင့်ပွဲအား တက်ရောက်အားပေး

မြန်မာဘော်လီဘောလူမှုရေးအသင်း အမှုဆောင်ဖလားဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားအား ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်  ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “မြန်မာဘော်လီဘောလူမှုရေးအသင်းကို ၂၀၀၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ရာ ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင်လည်း မြန်မာဘော်လီဘော အမှုဆောင်အဖွဲ့များကို ဖွဲ့စည်းနိုင်ခဲ့ပြီး ဘော်လီဘောလောကကြီး တိုးတက်လာစေရေးအတွက် အသက်(၁၈)နှစ်အောက်၊ အသက်(၂၅)နှစ်အောက် ပြိုင်ပွဲများကိုကျင်းပပေး နိုင်ခဲ့သည်ကိုလည်း တွေ့ရှိရပါကြောင်း၊ မြန်မာဘော်လီ ဘောလူမှုရေး အသင်းအနေဖြင့် ယခုကဲ့သို့မိမိတို့၏ ဧရာဝတီတိုင်းဒေကြီးတွင် ဘော်လီဘောပြိုင်ပွဲများ ကျင်းပပေးသည့် အတွက်လည်း များစွာကျေးဇူးတင်ရှိပါကြောင်း၊ ယနေ့ကျင်းပ ပြုလုပ်သည့် ပြိုင်ပွဲ၏ ရည်ရွယ်ချက်များမှာ ဘော်လီဘောအားကစား ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်  အထောက်အကူ ပြုစေရန်၊ ထူးချွန်သည့် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ် ပေါ်ထွက် ရေးတွင် အထောက် အကူပြုနိုင်စေရန်၊ မြန်မာ့လက်ရွေးစင်အားကစားမောင်/မယ်များ ပေါ်ထွက်လာစေရန် စသည့်ရည်ရွယ်ချက်များအပြင် တိုင်းဒေသကြီးအတွင်းရှိ ဘော်လီ ဘောအားကစားသမားများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရန်၊ တိုင်းဒေသကြီးအားကစား တိုးတက်မြင့်မားလာရေးအတွက် မြန်မာနိုင်ငံအားကစား အဖွဲ့ချုပ်များ၏ လုပ်ငန်းစဉ်များကို အထောက်အကူ ပြုပေးနေခြင်းလည်းဖြစ်ပါကြောင်း၊ ပြည်သူများ ကျန်းမာကြံ့ခိုင် စေရေးအတွက် အားကစားကဏ္ဍကို အလေးထားအားပေး ဆောင်ရွက်လျှက်ရှိပြီး “အားကစား မြှင့်တင်ခြင်းသည် နိုင်ငံတော်ကိုကာကွယ် စောင့်ရှောက် နေခြင်းဖြစ်သည်”ဆိုသည့် ခံယူချက်နှင့်အညီ ကြိုးပမ်းဆောင်ရွက် သွားကြရန် မှာကြားလိုပါကြောင်း၊ အားကစားဆိုသည်မှာ “အင်အားနှင့် ဉာဏ်ရည်ကို အသုံးချပြီး လှုပ်ရှားယှဉ်ပြိုင်မှု" ဟု အဓိပ္ပါယ်ဖွင့်ဆိုထားသည့်အတွက် ယှဉ်ပြိုင်မှု ပြင်းထန် လာသည့်အခါ အားကစားသမားများအနေဖြင့် သတ်မှတ် ထားသည့်  ဥပဒေတွေကို လိုက်နာရမှာဖြစ်ပြီး စည်းကမ်းသေဝပ်မှု၊ တရားသောယှဉ်ပြိုင် အနိုင်ရရှိမှုကို ကျင့်သုံးဖို့ လိုအပ်မှာဖြစ်ပါကြောင်း၊ ယခုပြိုင်ပွဲကိုကြီးကြပ် ဆောင်ရွက်ကြမည့် ဒိုင်လူကြီးများ အနေဖြင့်လည်း ဘက်လိုက်မှုကင်းစွာဖြင့် ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများ၊ ဥပဒေများ အတိုင်း တိတိကျကျ ဆုံးဖြတ်ကြီးကြပ်ပေးကြဖို့ကိုလည်း ပြောကြားလိုပါကြောင်း” အဖွင့်အမှာစကားပြောကြား၍  ပြိုင်ပွဲကိုစတင်ဖွင့်လှစ်ပေးသည်။

ဆက်လက်၍ ဆက်လက်၍ စစ်ကြောင်းမှူးဦးဆောင်သည့် ပြိုင်ပွဲဝင်အသင်းများက ဝန်ကြီးချုပ်အား အလေးပြုခြင်းနှင့် အားကစားသစ္စာအဓိဌာန် (၄)ချက်အား ရွတ်ဆိုခြင်းများကို ဆောင်ရွက်ခဲ့ကြပြီးနောက် ပြိုင်ပွဲဝင်အသင်းများက ကွင်းအတွင်းမှ ပြန်လည် ထွက်ခွာခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် အဖွင့်ပွဲစဉ်အဖြစ် Golden Brother(U-18)အသင်းနှင့် အနန်းကုန်း(U-18)အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်းသိရသည်။

08-Nov-2023