တိုင်းဒေသကြီးဝန်ကြီးချုပ် မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်၊ အောင်ဇေယျအားကစားခန်းမ၌ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရေးအတွက် နေကြာ၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်၊ အောင်ဇေယျအားကစားခန်းမ၌ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရေးအတွက် နေကြာ၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်၍ “တိုင်းဒေသကြီးအတွင်းရှိ ခရိုင်များအား နေကြာ၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့များပေးအပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊  ပြီးခဲ့သည့်မိုးစပါးစိုက်ရာသီတွင် ရေ‌တော်မိုးတော်စိုက်ဧကတစ်သိန်းတွင် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်း စိုက်ပျိုးခဲ့ပြီး မြေဆီလွှာပိုမိုကောင်းမွန်လာသည်ကိုတွေ့ရှိရပါကြောင်း၊ လာမည့်မိုးစပါးစိုက်ရာသီတွင် ရေတော်မိုးတော်စိုက်စိုက်ဧက(၂၇)သိန်းအား အပြည့်အဝထည့်သွင်း စိုက်ပျိုးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လယ်ယာမြေများရှိ မြေဆီလွှာပျက်စီးမှုများကို ပြန်လည်ကောင်းမွန်စေရေးအတွက် သစ်စိမ်းမြေဩဇာများ ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ရန်နှင့် ယူရီးယားမြေဩဇာ များသုံးစွဲမှုလျှော့ချနိုင်ရေးတို့အတွက် ဆောင်ရွက်ခြင်းလည်းဖြစ်ပါကြောင်း၊ တောင်သူများအနေဖြင့် သက်ဆိုင်ရာမြို့နယ်အလိုက်အုပ်စုဖွဲ့ပြီး အဖွဲ့လိုက်စုပေါင်းစနစ်ဖြင့် လုပ်ငန်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ဆီဖူလုံရေးအတွက် မြန်အောင်ခရိုင်အတွင်းရှိ မြို့နယ်(၃)မြို့နယ်တွင် နေကြာစိုက်ပျိုးခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မြေပဲ၊ နှမ်းစသည့် ဆီထွက်သီးနှံများဖြစ်ထွန်းအောင်မြင်အောင်လည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဆီဖူလုံရေးအတွက်မြန်အောင်ခရိုင်အား စံပြအဖြစ်ထားရှိပါကြောင်းနှင့် သီးထပ်စွမ်းအားတိုးပွားရန်အတွက်လည်း စိုက်ပျိုးဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ပျားမွေးမြူခြင်းများကိုလည်း ဆောင်ရွက်ရန်လိုပါကြောင်းနှင့် ပျားမွေးမြူရေးသည် စိုက်ပျိုးရေးလုပ်ငန်းများတွင် ဝတ်မှုန်ကူးခြင်းအတွက်အထောက်အပံ့ရရှိစေမည့်အပြင် ပျားရည်နှင့် ပျားထွက်ပစ္စည်းများမှ ဝင်ငွေလည်းရရှိစေပါကြောင်း၊ တိုင်းဒေသကြီးဆီဖူလုံရေး၊ သီးနှံများပန်းတိုင်အထွက်နှုန်းရောက်ရှိစေရေးအတွက်လည်း အားလုံးကတက်ညီလက်ညီပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း” အမှာစကားများပြောကြားသည်။

ဆက်လက်၍ မြန်အောင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက မြန်အောင်၊ ကြံခင်း၊ အင်္ဂပူမြို့နယ်များတွင် မိုးနေကြာစိုက်ပျိုးဆောင်ရွက်မှုနှင့် ဖြစ်ထွန်းအောင်မြင်မှု၊ ပိုက်ဆံလျှော်ထည့်သွင်းစိုက်ပျိုးမှု၊ ရေတော်မိုးတော်စိုက်ဧကများစိုက်ပျိုးမှု၊ နေကြာမျိုးစေ့နှင့်ပိုက်ဆံလျှော်မျိုးစေ့များ စုဆောင်းထားရှိမှုအခြေအနေများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးရေးဆောင်ရွက်မှုအခြေအနေများအားလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူးက နေကြာ၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးပေးအပ်ရသည့် ရည်ရွယ်ချက်များအားရှင်းလင်းတင်ပြသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက မြန်အောင်၊  ကြံခင်း၊ အင်္ဂပူမြို့နယ်များမှ တောင်သူများထံသို့ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့များနှင့်  နေကြာမျိုးစေ့များကို ပေးအပ်ခဲ့ပြီး ၂၀၂၃-၂၀၂၄ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရေးအတွက် နေကြာ၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်လာသော တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆူအားပေးခဲ့ပြီး ပြသထားသည့် နေကြာမျိုးစေ့များနှင့်၊ မိုးနေကြာဖြစ်ထွန်းမှုများအားကြည့်ရှုအားပေးခဲ့သည်။

07-Nov-2023