တိုင်းဒေသကြီးဝန်ကြီးချုပ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၅)နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားအားတက်ရောက်အားပေး

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၅)နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမ၌ ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ဇနီးများ၊ တိုင်းအုပ်ချုပ်ရေးမှူးနှင့် ဇနီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများတက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ ယနေ့အခမ်းအနားသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဌာနနှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားဖြစ်ပြီး (၃၅)နှစ်မြောက်အဖြစ်ကျင်းပပြုလုပ်သည့် အခမ်းအနားဖြစ်ပါကြောင်း၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် နိုင်ငံတော်၏အုပ်ချုပ်ရေးယန္တရားပြောင်းလဲမှု ဖြစ်စဉ်များနှင့်အတူ နယ်ချဲ့ကိုလိုနီလက်ထက်ကစပြီး လွတ်လပ်ရေးရပြီးကာလ၊ စနစ်သစ်အုပ်ချုပ်ရေးကာလ၊ ပြည်သူ့ကောင်စီကာလ၊ တပ်မတော်အစိုးရလက်ထက် ပါတီစုံဒီမိုကရေစီကာလ၊ လက်ရှိနိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ကာလအထိ အသွင်အမျိုးမျိုးဖြင့် ပြောင်းလဲဖွဲ့စည်းရပ်တည်ခဲ့ပြီး မြန်မာနိုင်ငံတော်၏အုပ်ချုပ်ရေးယန္တရား အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရေးအတွက် ပင်နယံစိတ်များသဖွယ် အခြားဌာနဆိုင်ရာများနှင့်ချိတ်ဆက်လည်ပတ်ကာ ပြည်ရေးပြည်ရာ အုပ်ချုပ်ရေးနှင့်အတူ ပေးအပ်လာသည့်တာဝန်တွေကို ကျရာအခန်းကဏ္ဍကပါဝင်၍ တာဝန်ယူဆောင်ရွက်လျက် ရှိပါကြောင်း၊  ယနေ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကာလတိုင်အောင်နိုင်ငံတော်၏ အုပ်ချုပ်ရေးကိုအထောက်အကူပြုသည့် ဌာနကြီးတစ်ခုအနေဖြင့်ရပ်တည်နိုင်ခဲ့ပြီး နှစ်ပတ်လည်နေ့ကို အဓိပ္ပာယ်ရှိသည့်အခမ်းအနားတစ်ခုအဖြစ် အစဉ်အလာကောင်းတစ်ရပ်အနေနှင့် ယနေ့အချိန်အထိ ကျင်းပခဲ့သည်မှာ ဌာန၏ အရာထမ်း၊ အမှုထမ်းများအနေဖြင့် မိမိတို့ဌာန၏ ကြီးမားသည့်အစဉ်အလာကိုဆက်လက်ထိန်းသိမ်းသွားနိုင်ရန်ဆိုသည့် ကောင်းမွန်သည့်အသိဖြစ်ပေါ်စေရန် ရည်ရွယ်ချက်လည်းပါဝင်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့သည် နိုင်ငံတော်အစိုးရ၏ မူဝါဒများကို အောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသည် အစိုးရအဖွဲ့၏ ရုံးလုပ်ငန်းတာဝန်များအား အဓိကပံ့ပိုး တာဝန်ယူဆောင်ရွက်ပေးလျက်ရှိပြီးပြည်သူများ၏ လိုအပ်ချက်များအား အစိုးရအဖွဲ့မှ အောင်မြင်အောင် ဖော်ဆောင်ပေးနိုင်ရေး ဆောင်ရွက်ရာတွင်လည်း အစိုးရနှင့်ပြည်သူအကြား ပေါင်းကူးသဖွယ်ဆက်သွယ်ဆောင်ရွက်ပေးသော ဌာနလည်းဖြစ်သည့်အတွက် ပြည်သူများနှင့် ဆက်ဆံရာတွင်လည်း ဆက်ဆံရေးပြေပြစ်ကောင်းမွန်မှု ရှိရမှာ ဖြစ်ပါကြောင်း၊ နိုင်ငံတော်မှချမှတ်ထားသော မူဝါဒများ၊ အမိန့်၊ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ညွှန်ကြားချက်များနှင့်အညီ တိကျစွာလိုက်နာရန် လိုအပ်ပြီး ဌာနအတွင်းရှိ ဝန်ထမ်းများအချင်းချင်း စည်းလုံးညီညွတ်မှုရှိရန်လည်းလိုအပ်မည်ဖြစ်ပါကြောင်း၊ ယခုအခါ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်တို့ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင်လည်း အောင်မြင်စေရေး၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝ လုံခြုံရေး၊ ပြည်ထောင်စုတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်ကို အခြေခံသည့်ပြည်ထောင်စုတည်ဆောက်ရေး၊ ပြည်သူလူထု၏ လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေးထား၍ ဆက်လက်ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ညီနောင်အဖွဲ့အစည်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် ချမှတ်ထားသည့် စည်းကမ်းချက်များ၊ စောင့်ထိန်းရမည့် ကျင့်ဝတ်များကိုလိုက်နာပြီး ဝန်ထမ်းတိုင်းစိတ်ဓာတ် တိုးတက်မြင့်မားရန်၊ ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့်  ရုံးလုပ်ငန်းတာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ရန်၊ အချိန်ကို လေးစားတန်ဖိုးထားပြီး အကျိုးရှိစွာ အသုံးပြုကြရန်၊ ကောင်းမွန်တဲ့အစဉ်အလာကို ထိခိုက်ပျက်စီးနိုင်သည့် အပြုအမူ၊ အပြောအဆို၊ အနေအထိုင်များကိုရှောင်ကြဉ်ရန်၊ ဌာနအပေါ်သစ္စာရှိပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အစဉ်အလာကောင်းများကို ဆက်လက်ထိန်းသိမ်း၍ နိုင်ငံတော်နှင့် ပြည်သူများက လေးစားအားထားရသည့် အုပ်ချုပ်ရေးဌာနကြီးတစ်ခုအဖြစ် ဆက်လက် ရပ်တည်နိုင်အောင် ဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (၃၅) နှစ်မြောက် နှစ်ပတ်လည် နေ့အခမ်းအနားကို ဂုဏ်ပြုသောအားဖြင့် ဘုရား၊ ပုထိုး၊ စေတီ ရင်ပြင်နှင့် တန်ဆောင်းများအား စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်း၊ ပန်း၊ ဆီမီး ဆက်ကပ်လှူဒါန်းခြင်း၊ သံဃာတော်များအား ဆွမ်း၊ သင်္ကန်းနှင့် နဝကမ္မအလှူငွေများလှူဒါန်းခြင်း၊ စုပေါင်းသွေးလှူဒါန်းခြင်း၊ ပျော်ပွဲ/ ရွှင်ပွဲ၊ အားကစားပြိုင်ပွဲများကျင်းပခြင်း စသည့်လုပ်ဆောင်ချက်များသည် ကောင်းမွန်သည့် လုပ်ဆောင်မှုများဖြစ်ပြီး နောင်နှစ်များတွင်လည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အခမ်းအနားအား စဉ်ဆက်မပြတ် ခမ်းနားကြီးကျယ်စွာ ကျင်းပနိုင်ပါစေကြောင်းနှင့် နိုင်ငံတော်၏ အကျိုး၊ ဒေသ၏အကျိုး၊ ပြည်သူလူထု၏အကျိုးကို အစဉ်သယ်ပိုးနိုင်တဲ့ အရည်အသွေးပြည့်ဝသည့် အုပ်ချုပ်ရေးဝန်ထမ်းကောင်းများဖြစ်အောင်၊ ဌာန၏ ဝန်ထမ်းအဖြစ်ဂုဏ်ယူလိုသောစိတ်ဓာတ်ဖြင့် ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်း”အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်၍ (၃၅)နှစ်မြောက်နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှထောက်ပံ့သည့် ကျပ်သိန်း(၅၀)အား ဝန်ကြီးချုပ်က ပေးအပ်ချီးမြှင့်ရာ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးအရာရှိနှစ်ဦးကလက်ခံယူခဲ့သည်။ ယင်းနောက် ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်)တွင် သင်တန်းတက်ရောက်၍ ဆုရရှိသူဝန်ထမ်းလေးဦးအား တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းဝန်ထမ်းများအတွက်  ဝန်ထမ်းဝတ်စုံများကို တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဇနီးကလည်းကောင်း၊ ဗဟိုဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည်)တွင် သင်တန်းတက်ရောက်၍ ဆုရရှိသူဝန်ထမ်းသုံးဦးအား တိုင်းအုပ်ချုပ်ရေးမှူးကလည်းကောင်း ဝန်ထမ်းဝတ်စုံများနှင့် ဆုများချီးမြှင့်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသမိုင်းကြောင်း ဗီဒီယိုကလစ် ပြသမှုကိုကြည့်ရှုအားပေးခဲ့ပြီးနောက် (၃၅)နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် ပြသထားသောမှတ်တမ်းဓာတ်ပုံပြခန်းများကို ဆက်လက်ကြည့်ရှုအားပေးခဲ့‌ကြကြောင်းသိရသည်။

07-Nov-2023