ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ သဲကုန်းကျေးရွာ၌ ပြုလုပ်သည့် မိုးစပါးစံကွက် ရိတ်သိမ်းနေမှုအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယနေ့ညနေပိုင်းက မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကြာဖြူကျေးရွာအုပ်စု၊ သဲကုန်းကျေးရွာ မိုးစပါးစံကွက်ရိတ်သိမ်းနေမှုအား သွားရောက် ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သဲကုန်းကျေးရွာ၊ တောင်သူ ဦးရွှေပွား၏ လယ်မြေ(၅)ဧကတွင် နယူးဧရာ မျိုးစပါး ရိတ်သိမ်းနေမှုများအား ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံ တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ပါသည်။ အဆိုပါ တောင်သူ ဦးရွှေပွား၏ လယ်မြေမှ နယူးဧရာမျိုးစပါး(၁)ဧကလျှင် စပါးအခြောက်(၁၂၂.၄၇)တင်း ထွက်ရှိခဲ့ပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် မြောင်းမြမြို့နယ်၊ လေးအိမ်တန်း ကျေးရွာရှိ တောင်သူဦးကံမြင့်၏ လယ်မြေ(၅)ဧက၌ နွေစပါးတစ်ဧက (၁၀)တင်းပိုမို တိုးတက်ထွက်ရှိရေးအတွက် နယူးဧရာ(၁)မျိုးစပါး နွေစပါးစုပေါင်းကြဲပက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကာ မိုးစပါးစိုက်ပျိုး ထွက်ရှိခဲ့မှုအခြေအနေများ၊ စပါးဈေးနှုန်းရရှိမှုအခြေအနေများအား မေးမြန်းခဲ့ပြီး မြေစီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်)ထည့်သွင်း စိုက်ပျိုးကြရန်နှင့် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာများ အချိုးကျသုံးစွဲကြရန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။