​​မြောင်းမြမြို့တွင် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ထုတ်၊ ဆီထွက်သီးနှံ(နေကြာ)နှင့် နယူးဧရာမျိုးစပါးများပေးအပ်ပွဲ အခမ်းအနားကျင်းပ

တိုင်းဒေသကြီးဝန်ကြီးချုပ်သည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ မြောင်းမြခရိုင်၊ မြောင်းမြမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ခုနှစ်၊ ဆောင်းရာသီတွင်စိုက်ပျိုးမည့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ထုတ်၊ ဆီထွက်သီးနှံ(နေကြာ)နှင့် နယူးဧရာမျိုးစပါးများပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်၍ “  လာမည့် ၂၀၂၄ခုနှစ်၊ မိုးစပါးစိုက်ရာသီတွင် ရေတော်မိုးတော် စိုက်ဧက(၂၇)သိန်းအား ပိုက်ဆံလျှော်များ အပြည့်အဝထည့်သွင်းစိုက်ပျိုးသွားမည်ဖြစ်၍ ပိုက်ဆံလျှော် မျိုးစေ့ ထုတ်စိုက်ပျိုးနိုင်ရေး တောင်သူများအား မျိုးစေ့များထောက်ပံ့ ပေးခြင်းဖြစ်ပါကြောင်း၊ ပိုက်ဆံ​လျှော်မျိုး​စေ့များ လုံ​လောက်စွာရရှိ​ရေးအတွက် တောင်သူများအနေဖြင့်လည်း အဖွဲ့လိုက်စုပေါင်းစနစ်ဖြင့် စနစ်တကျစိုက်ပျိုး၍ ရှင်သန်ဖြစ်ထွန်းစေရန်နှင့် မျိုးစေ့များရရှိစေရေး ဆောင်ရွက်ကြရန်လိုပါကြောင်း၊ တိုင်းဒေသကြီးသည်စိုက်ပျိုးရေးစံပြတိုင်းဖြစ်စေရေးအတွက် ပန်းတိုင်အထွက်နှုန်းများ ရရှိစေရေးကြိုးစားဆောင်ရွက်လျက်ရှိရာ မိုးစပါးပန်းတိုင်အထွက်နှုန်းမရောက်သေးမီကာလအကြား ရည်မှန်းချက်အနေဖြင့်တစ်ဧက(၁၀)တင်း ပိုမိုတိုးတက်ထွက်ရှိရေးအတွက် စိုက်ပျိုးရေးပညာရှင်များ၊ ဌာနဆိုင်ရာများနှင့် တောင်သူများတွေ့ဆုံ၍ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်၍ ရလာဒ်များဖော်ထုတ် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ မိုးစပါးများတိုးတက်ထွက်ရှိခဲ့သည်ကို တွေ့ရှိနေရပါကြောင်းနှင့် မိုးစပါးသာမက နွေစပါးအပါအဝင် အဓိကသီးနှံများကိုလည်း ပန်းတိုင်အထွက်နှုန်းများရရှိအောင် ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးသည်လည်း စိုက်ပျိုးရေးကိုအဓိကထား ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မိုးစပါးနှင့် နွေစပါး(၅၂)သိန်းကျော် စိုက်ပျိုးလျက်ရှိပါကြောင်း၊ တစ်ဧကအထွက်နှုန်းများ ပိုမိုတိုးတက်ထွက်ရှိစေရေးအတွက်တောင်သူများအားမျိုးစပါးများပြောင်းလဲအသုံးခြင်း၊ စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးခြင်း၊ သဘာဝမြေဩဇာများအချိုးကျသုံးစွဲခြင်း၊ ပိုက်ဆံလျှော်သစ်စိမ်းမြေဩဇာများ မြေခံထည့်သွင်းစိုက်ပျိုးခြင်းကို ဆောင်ရွက်စေခဲ့ပါကြောင်း၊ ၂၀၂၅ခုနှစ်တွင် တိုင်း​ဟဒသကြီးအတွင်း ဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိရာ နေကြာ၊ မြေပဲ၊ နှမ်းစသည့်ဆီထွက် သီးနှံများဖြစ်ထွန်းအောင်မြင်ရေးနှင့် ဆီဖူလုံရေးအတွက်လည်း ဝိုင်းဝန်းဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ နေကြာစိုက်ပျိုးဖြစ်ထွန်းအောင်မြင်စေရေးအတွက် အထွက်တိုးနေကြာမျိုးများသုံးစွဲစေရေး၊ စနစ်တကျစိုက်ပျိုးစေရေးဆောင်ရွက်ရန်နှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးရေးလုပ်ငန်းများပိုမိုအောင်မြင်စေရေးနှင့် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း” အမှာစကားများပြောကြားသည်။ 

ဆက်လက်၍ မြောင်းမြခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက မြေအသုံးချမှု၊ မိုးစပါးစိုက်ဧကနှင့် စပါးထွက်ရှိမှု၊ မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ချက်များ၊ လယ်ဧကများတွင် စိုက်နည်းစနစ်ပြောင်းလဲစိုက်ပျိုးမှု အခြေအနေများအားလည်းကောင်း၊ စိုက်ပျိုးရေးဦးဌာန၊ ခရိုင်ဦးစီးဌာနမှူးက ဆောင်းရာသီတွင်စိုက်ပျိုးမည့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုးစေ့ထုတ်၊ ဆီထွက်သီးနှံ(နေကြာ)နှင့် နယူးဧရာမျိုးစပါးများပေးအပ်ရသည့် ရည်ရွယ်ချက်များအားလည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။ 

ဆက်လက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးက တောင်သူများအား ဝန်ကြီးဌာနမှ စိုက်ပျိုးရေးပညာရှင်များနှင့် မိတ်ဆက်ပေးပြီးနောက် ​​မြေဆီလွှာဖွံ့ဖြိုးတိုးတက်​ရေးအတွက် ​ဆောင်ရွက်ရမည့် နည်းလမ်းများ၊ ဆီထွက်သီးနှံ နေကြာအထွက်တိုး​စေ​ရေးအတွက် မျိုးစေ့ရွေးချယ်စိုက်ပျိုးမှုနည်းလမ်းများနှင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)ထည့်သွင်းစိုက်ပျိုးခြင်းမှ ရရှိသည့်အကျိုးကျေးဇူးများကို တောင်သူများအား ရှင်းလင်းဖြည့်စွက်ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးတို့က မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မမြို့နယ်များမှ တောင်သူများထံသို့ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်)မျိုး​စေ့၊ နေကြာမျိုး​စေ့၊ မြေပဲမျိုး​စေ့နှင့် နယူးဧရာမျိုးစပါးများပေးအပ်ခဲ့သည်။

ထို့နောက် မြောင်းမြ၊ အိမ်မဲ၊ ဝါးခယ်မမြို့နယ်များမှ တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကားများပြန်လည်ပြောကြားခဲ့ပြီး တိုင်း​ဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့က တက်​ရောက်လာကြသည့် ​တောင်သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပါ​သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ မြောင်းမြမြို၊ မြရွှေဝါခန်းမ၌ပြုလုပ်သည့် အသေးစားကုန်ထုတ်လုပ်ငန်းများဖန်တီးပေးနိုင်ရေးနှင့်ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်၍“ ဧရာဝတီတိုင်းဒေသကြီးသည် ကျေးလက်နေပြည်သူများအများဆုံး နေထိုင်သည့် တိုင်းဒေသကြီးဖြစ်ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးများ တိုးတက်ဖွံ့ဖြိုးလာပြီး ကျေးလက်နေပြည်သူများအနေဖြင့်လည်း မော်တော်ဆိုင်ကယ်များစီးနင်းအသုံးပြုလာခဲ့ပါကြောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းများ စနစ်တကျ ထွန်းကားလာစေပြီးကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရန်စီမံဆောင်ရွက်ခြင်းဖြင့် မြို့ပြနှင့် ကျေးလက်များအကြား၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား  ဖွံ့ဖြိုးမှုကွာဟချက် ကျဉ်းမြောင်းလာစေရေး ဆောင်ရွက်လျှက်ရှိပါကြောင်း၊ အသေးစားကုန်ထုတ်လုပ်ငန်းများ ထူထောင်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်မှာဖြစ်ပြီး ကျေးလက်နှင့်မြို့ပြနေပြည်သူများ၏ ဝင်ငွေတိုးပွားရေးကို အထောက်အကူဖြစ်မှာ ဖြစ်ပါကြောင်း၊  ထို့ကြောင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစတင်ပြီး ဧရာဝတီတိုင်းဒေသကြီးအတွင်းကျေးရွာ (၁၁) ရွာကို ရွေးချယ်ပြီး ဒေသထွက်ကုန်ကြမ်းများအပေါ်မူတည်၍ လည်းကောင်း၊ ကျေးရွာနေပြည်သူများရဲ့ လိုအပ်ချက်အရလည်းကောင်း၊ မြို့ပြနှင့် ကျေးလက်နေငယ်တွေများထဲမှက ပညာရေးဆုံးခန်းတိုင်အောင် သင်ကြားနိုင်မှုမရှိသည့် လူငယ်လူရွယ်များကို ရွေးချယ်၍လည်းကောင်း၊ အိုးမကွာအိမ်မကွာဖြင့် မိသားစုဝင်ငွေတိုးပွားရေးလုပ်ကိုင်ဆောင်ရွက်လိုသည့် လူငယ်များကို ရွေးချယ်၍လည်းကောင်း၊ စီမံကိန်းလုပ်ငန်းအမျိုးအစား (၆) ခုကို အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့်အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေးစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်နေကြသည့် ကျေးရွာကော်မတီခေါင်းဆောင်များနှင့် အဖွဲ့ဝင်များသည် မိမိနယ်မြေဒေသဖွံ့ဖြိုးတိုးတက်စေရေး၊ စီမံကိန်းလုပ်ငန်းများ အောင်မြင်စေရေး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းအသစ်များ ပေါ်ထွန်းလာစေပြီး စဉ်ဆက်မပြတ် တည်တံ့ခိုင်မြဲစေရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်သွားကြဖို့တိုက်တွန်း မှာကြားလိုပါကြာင်း”အမှာစကားများပြောကြားသည်။

ဆက်လက်၍ ကန်ကြီးထောင့်မြို့နယ်၊ အနောက်စုကြီးကျေးရွာတွင် ဖွင့်လှစ်သော သစ်အခြေခံပရိဘောဂသင်တန်း၊ မြောင်းမြမြို့နယ်၊ ကညင်ချောင်းကျေးရွာ၊ တောင်ပေါ်စုကျေးရွာများတွင် ဖွင့်လှစ်သော မော်တော်ဆိုင်ကယ် ပြုပြင်ထိန်းသိမ်းနည်းသင်တန်းနှင့် စက်ချုပ်နည်းပညာသင်တန်း၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ကွမ်းခြံချောင်းကျေးရွာတွင် ဖွင့်လှစ်သော မော်တော်ဆိုင်ကယ်ပြုပြင်နည်းသင်တန်းမှ လုပ်ငန်းထူထောင်မည့် သင်တန်းသားများကိုယ်စား သင်တန်းခေါင်းဆောင်တစ်ဦးစီအား ဒေသဖွံ့ဖြိုးရေးသုံးပစ္စည်းများ ပေးအပ်ခဲ့ပြီးနောက် လုပ်ငန်းထူထောင်မည့် သင်တန်းသား၊ သင်တန်းသူများကိုယ်စားသင်တန်းသား တစ်ဦးမှ ကျေးဇူးတင်စကားပြောခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်သည် သင်တန်းသား၊ သင်တန်းသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။

06-Nov-2023