တိုင်းဒေသကြီးဝန်ကြီးချုပ် ဟင်္သာတခရိုင်တွင်ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရေးအတွက် နေကြာ၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲအခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဟင်္သာတမြို့နယ်၊ အားကစားခန်းမတွင် ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရေးအတွက် နေကြာ၊ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့ပေးအပ်ပွဲအခမ်းအနားတက်ရောက်ခဲ့သည်။

ဦးစွာ ခန်းမအတွင်း နေကြာမျိုးစေ့ ရေဆင်း-၁၊ Supersun-41၊ Supersun-66မျိုးစေ့များခင်းကာင်းပြသထားရှိမှုကို ကြည့်ရှုအားပေးခဲ့ပြီး ဟင်္သာတခရိုင်အတွင်း ၂၀၂၃-၂၀၂၄ခုနှစ်၊ ဆောင်းနေကြာစိုက်ပျိုးရန် လျာထားမှုနှင့် ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ပျိုးရန်လျာထားဆောင်ရွက်ထားရှိမှုအခြေအနေများအား လယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီးဌာန၊တိုင်းဒေသကြီး ဦးစီးမှူးရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် အခမ်းအနားတက်ရောက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ရာသီအချိန်မီ စိုက်ပျိုးဆောင်ရွက်နိုင်ရန်အတွက် နေကြာ၊ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့များပေးအပ်ခြင်း ဖြစ်ပါကြောင်း၊  မြေဆီလွှာ ပျက်စီးမှုများကို ပြန်လည်ကောင်းမွန်စေရေးအတွက် သစ်စိမ်းမြေဩဇာများ ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် ပြေပြင်ခြင်းလုပ်ငန်းများဆောင်ရွက်ရန်နှင့် ယူရီးယားမြေဩဇာ များသုံးစွဲမှုလျှော့ချနိုင်ရေးတို့အတွက်ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ မိမိတို့တိုင်းဒေသ ကြီးသည် ပိုက်ဆံလျှော်သစ်စိမ်းမြေဩဇာကိုအင်တိုက်အားတိုက်စိုက်ပျိုးလျက် ရှိသည့် တိုင်းဒေသကြီးဖြစ်ပါကြောင်းနှင့် လာမည့်၂၀၂၄ခုနှစ်၊ မိုးစပါးစိုက်ရာသီတွင် ရေတော်မိုးတော် စိုက်ဧက(၂၇)သိန်းအား ပိုက်ဆံလျှော်များ အပြည့်အဝထည့်သွင်း စိုက်ပျိုးသွားမည်ဖြစ်ပါကြောင်း၊ ပိုက်ဆံလျှော်မျိုးစေ့ထုတ်စိုက်ခင်းများစိုက်ပျိုးသည့် တောင်သူများအနေဖြင့် သက်ဆိုင်ရာမြို့နယ်အလိုက်အုပ်စုဖွဲ့ပြီး အဖွဲ့လိုက်စုပေါင်း စနစ်ဖြင့် လုပ်ငန်းဆောင်ရွက်ရန်နှင့် မြေလွတ်များနှင့် လမ်းဘေးဝဲယာတစ်လျှောက်တွင် စနစ်တကျစုဖွဲ့၍ အစုအဖွဲ့စနစ်ဖြင့် မျိုးစေ့ရရှိရေးဆောင်ရွက်ကြရမှာဖြစ်ပါကြောင်း၊ ဆီဖူလုံမှုရှိစေရေးအတွက် နေကြာ၊  မြေပဲ၊ နှမ်းအစရှိသည့် ဆီထွက်သီးနှံများကို ပိုမိုတိုးချဲ့စိုက်ပျိုးရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ နေကြာစိုက်ပျိုးရာတွင် ဝတ်မှုန်ကူးခြင်းအတွက် ပျားမွေးမြူရေးကိုလည်း ဆောင်ရွက်သွားကြရန်လိုပါကြောင်း၊ သီးနှံများပန်းတိုင်အထွက်နှုန်းများရရှိ စေရေးနှင့် တိုင်းဒေသကြီး၏ စိုက်ပျိုးရေးကဏ္ဍ ပိုမို ဖွံ့ဖြိုးတိုးတက်စေရေး ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ တောင်သူများက ကြိုးစား ဆောင်ရွက်ပေးကြစေလိုကြောင်း” အမှာစကားများပြောကြားသည်။

ဆက်လက်၍ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌက နေကြာ၊ ပိုက်ဆံလျှော်မျိုးစေ့များအား မြို့နယ်များအလိုက် စုဆောင်းထားရှိမှုအခြေအနေများနှင့် စိုက်ပျိုးပြီးစီးမှုအခြေအနေများ၊ နေကြာ၊ မြေပဲ၊ နှမ်း တိုးချဲ့လျာထားစိုက်ပျိုးမည့်အခြေအနေများ၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မိုးစပါး၊ နွေစပါးစိုက်ပျိုးပြီးစီးမှု အခြေအနေများ၊ ပီလောပီနံစိုက်ပျိုးပြီးစီးမှု အခြေအနေများအား  ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးတို့က ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာမြို့နယ်များမှ မြို့နယ်အုပ်ချုပ်ရေးမှူးများထံသို့ ရေဆင်း-၁စပ်မျိုးနေကြာ၊ Super sun-41၊ Super sun-66နေကြာမျိုးစေ့များနှင့် သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) မျိုးစေ့များကိုပေးအပ်ခဲ့ပြီး တောင်သူများကိုယ်စား တောင်သူတစ်ဦးကကျေးဇူးတင်စကားများ ပြန်လည်ပြောကြားခဲ့ပြီး နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တောင်သူများနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြောင်းသိရသည်။

03-Nov-2023