ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး တိုက်ကွမ်ဒိုအသင်းအား အောင်နိုင်ရေးအလံပေးအပ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊အရေး၊အတီး(ဗဟိုအဆင့်) ပြိုင်ပွဲတွင် တတိယနေရာရရှိခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုအသင်းအားကြိုဆိုဂုဏ်ပြု

၂၀၂၃ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ဧရာဝတီတိုင်းဒေသကြီး တိုက်ကွမ်ဒိုအသင်းအား အောင်နိုင်ရေးအလံပေးအပ်ပွဲအခမ်းအနားကို  နိုဝင်ဘာလ(၁) ရက်နေ့ညနေပိုင်းက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ၊ အစည်းအဝေးခန်းမ(၂)၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒိုပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့်  အုပ်ချုပ် ၊ နည်းပြ ၊ အားကစားသမားများက တစ်ဦးချင်းမိတ်ဆက် ပြီးနောက်ဧရာဝတီတိုင်းဒေသကြီး တိုက်ကွမ်ဒိုအသင်းအုပ်ချုပ်သူက ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်မည့် အစီအစဉ်များအား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ပြည်နယ်နှင့်တိုင်းဒေသကြီး တိုက်ကွမ်ဒို အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် တိုက်ကွမ်ဒိုအသင်းအား လူရွေးချယ်ခြင်းနှင့် စခန်းသွင်းလေ့ကျင့်ခြင်းများကို ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း၊ တိုက်ကွမ်ဒိုအားကစား နည်းသည် တိုင်းဒေသကြီးအတွက်အားထားရသည့် အားကစားနည်တစ်ခုဖြစ်ပါကြောင်း၊ နည်းပြများအနေဖြင့် ရွှေတံဆိပ်ဆုရရှိအောင်စွမ်းဆောင် နိုင်ခဲ့သူများဖြစ်သကဲ့သို့ ကစားသမား များတွင်လည်း ဆုတံဆိပ်ရရှိသူများပါဝင်ပါကြောင်းနှင့် ယခင်နှစ်ကထက် အောင်မြင်မှုများပိုမို ရရှိမည်ဟု ယုံကြည်ပါကြောင်း၊  ကျန်းမာရေးအားအထူးဂရုပြု နေထိုင်ရန်နှင့် နည်းပြ၊ အုပ်ချုပ်သူ၊ ကစားဖော်များ၏ အကြံဉာဏ်များကိုရယူပြီး အောင်မြင်မှုများရရှိအောင် ကြိုးစားဆောင်ရွက်ကြရန်” အားပေးအမှာစကားများပြောကြားပြီး ဧရာဝတီတိုင်းဒေသကြီး တိုက်ကွမ်ဒိုအသင်းမှ တာဝန်ရှိသူများထံသို့ အောင်နိုင်ရေးအလံနှင့် ချီးမြှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ညနေပိုင်းတွင် (၂၄)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊အက၊ အရေး၊အတီး(ဗဟိုအဆင့်) ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဆုရရှိမှု တန်းစီဇယားတွင်တတိယနေရာရရှိခဲ့သည့် အောင်ပွဲရဧရာဝတီ တိုင်းဒေသကြီး ကိုယ်စားပြုအသင်းအား ကြိုဆိုဂုဏ်ပြုခြင်းကို ပုသိမ်တက္ကသိုလ် မုခ်ဦးရှေ့တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်ဇနီးများ၊ ဌာနဆိုင်ရာများ၊ ပြည်သူများက ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။

ဦးစွာ ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအသင်းအား ဖျော်ဖြေရေးအဖွဲ့များက အိုးစည်၊ ဗုံမောင်းများ၊ ဆင်အက များဖြင့် ဖျော်ဖြေဂုဏ်ပြုခဲ့ကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပန်းစည်းများဖြင့် ကြိုဆိုဂုဏ်ပြုခဲ့ကြပြီး ပြိုင်ပွဲဝင်များအား ရင်းနှီးနွေးထွေးစွာနှုတ်ဆက်ခဲ့သည်။ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်) ပြိုင်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအနေဖြင့် အဆိုပြိုင်ပွဲဝင်(၂၃)ဦး၊ အက ပြိုင်ပွဲဝင်(၁၁၆)ဦး၊ အရေးပြိုင်ပွဲဝင်(၄)ဦး၊ အတီးပြိုင်ပွဲဝင်(၁၀၆)ဦး၊ စုစုပေါင်း ပြိုင်ပွဲဝင်(၂၄၆)ဦး ပါဝင်ယှဉ်ပြိုင် ခဲ့ကြပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်ဆုရရှိမှု တန်းစီဇယားတွင် တတိယနေရာရရှိခဲ့ကြောင်း သိရသည်။

02-Nov-2023