တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် (၂၃) ကြိမ်မြောက် သံဃမဟာပဝါရဏာပြုပွဲနှင့် သိမ်ဆင်းလောင်းလှူပွဲ အခမ်းအနားကျင်းပ၊ ဆီမီး(၉၀၀၀)ထွန်းညှိပူဇော်
မြန်မာသက္ကရာဇ် ၁၃၈၅ခုနှစ်၊ သီတင်းကျွတ်လပြည့်နေ့( အဘိဓမ္မာအခါတော်နေ့) တွင် ပုသိမ်မြို့၊ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ မဟာပဝါရဏာပြုပွဲနှင့် သိမ်ဆင်းလောင်းလှူပွဲအခမ်းအနားအား အောက်တိုဘာလ ၁၉ရက် နေ့မွန်းလွဲပိုင်းက ပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များတက်ရောက်ခဲ့ကြသည်။
ဦးစွာ သံဃာတော်အရှင်သူမြတ်များမှ သိမ်တော်အတွင်း ပဝါရဏာပြုပွဲ ဆင်ယင်ကျင်းပတော်မူကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များက လှူဖွယ်ဝတ္ထုအစုစုတို့ဖြင့် ဘုရားအမှူးပြုသော သံဃာတော် (၅၄)ပါးတို့အား သိမ်ဆင်းလောင်းလှူပူဇော်ခဲ့ကြသည်။
ထို့နောက် သီတင်းကျွတ်လပြည့်နေ့တွင် မြတ်စွာဘုရားရှင်အားရည်မှန်း၍ ဆီးမီးများထွန်းညှိပူဇော်ခြင်းများ၊ ပရိတ်ပဌာန်းဒေသနာတော်များရွတ်ပွားပူဇော်လျက်ရှိရာ သီတင်းကျွတ်လပြည့်နေ့ညပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ ကျက်သရေဆောင် ရှေးဟောင်းသမိုင်းဝင် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးအပါအဝင် ထင်ရှားသော ဘုရား၊ စေတီ၊ ပုထိုးများတွင် ဆီးမီးထွန်းညှိပူဇော်သူများ၊ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီးတို့သည် အနောက်တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ဘုရားဖူးလာပြည်သူများနှင့်အတူ ဆီမီး(၉၀၀၀)ထွန်းညှိပူဇော်ခဲ့ကြသည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရွှေမုဋ္ဌောစေတီတော်မြတ်ကြီးရှိ ဦးမောင်ကြီးအာရုံခံတန်စောင်းတွင် ဆီမီး၊ ပန်း၊ ရေချမ်းကပ်လှူပူဇော်ခဲ့ပြီး စေတီတော်ရင်ပြင်တွင် ဆီမီး(၉၀၀၀)ထွန်းညှိပူဇော်ခဲ့ကြကာ စေတီတော်ကြီးအားလှည့်လည်ကြည်ညို၍ ဘုရားဖူးပြည်သူများအားရင်းရင်းနှီးနှီးတွေ့ဆုံအား ပေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးနှင့် ဘုရားဖူးလာရောက်ကြသူများမှ ဓမ္မစင်္ကြာနှင့်အနတ္တလက္ခဏသုတ်တို့အားရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ အလားတူ ပုသိမ်မြို့ပေါ်ရှိ ဘုရား၊ စေတီ၊ ပုထိုးများတွင် ရပ်ကွက်နေပြည်သူများမှ ဆီးမီးများထွန်းညှိပူဇော်ခြင်း၊ ဘုရားဖူးပြည်သူများမှ ကုသိုလ်ယူခြင်းများဆောင်ရွက်လျက်ရှိပြီး မြို့၏ထင်ရှားသောနေရာများသို့လည်း သွားလာလည်ပတ်သူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။ ထို့အတူ ဟိုင်းကြီးကျွန်းမြို့ရှိ သမိုင်းဝင်ဆံတော်ရှင် မဟာမကုဋရံသီမြတ်မော်တင်စွန်းစေတီတော်မြတ်ကြီးတွင်လည်း ဆီမီး (၉၀၀၀) ထွန်းညှိပူဇော်ခြင်းနှင့် မီးပုံးပျံများ လွှတ်တင်ပူဇော်၍ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျှက်ရှိကြောင်း သိရသည်။