မဟာမကုဋရံသီ ဆံတော်ရှင် မြတ်မော်တင်စေတီတော်မြတ်ကြီး၏ရင်ပြင်တော်၌ ပရိတ်တရားနာယူခြင်းနှင့် ဆရာတော်သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများလောင်းလှူပူဇော်
မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး၏ရင်ပြင်တော်၌ ပရိတ်တရားနာယူခြင်းနှင့် ဆရာတော် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများလောင်းလှူပူဇော်ပွဲအား အောက်တိုဘာလ (၂၉)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ ပမ္မဝတီရေတပ်စခန်း ဌာနချုပ်မှူးနှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဘုရားဖူးပြည်သူများ တက်ရောက်ကြည်ညို လောင်းလှူပူဇော်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဆရာတော်ကြီးထံမှ ပရိတ်တရားတော်များ နာယူကြည်ညိုကြပြီး စေတီတော်မြတ်ကြီးအား ဆွမ်း၊ရေချမ်း၊ဆီမီး၊ပန်းနှင့် သစ်သီးဆွမ်းများ ကပ်လှူပူဇော်ခဲ့ကြကာ ဝန်ကြီးချုပ်နှင့် ဧည့်ပရိတ်သတ်များက ကောင်းမှုကုသိုလ်အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ပြီး ဆရာတော်အား အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ဆက်လက်၍ ဆရာတော် သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများလောင်းလှူပူဇော်ပွဲအားကျင်းပရာ ဆရာတော်ကြီးအမှူးပြုသော မြတ်မော်တင်တောင်ခြေနှင့်အနီးဝန်းကျင်ကျေးရွာများတွင်သီတင်းသုံးတော်မူကြသည့်သံဃာ၊သာမဏေ၊ သီလရှင်စုစုပေါင်း အပါး (၂၂၀) ကျော်တို့အား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ဌာနဆိုင်ရာများနှင့် ဘုရားဖူးပြည်သူများမှ ဆွမ်း၊လှူဖွယ်ပစ္စည်းများနှင့်ဝတ္ထုငွေများလောင်းလှူပူဇော်ခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တောင်အရပ်ရှိ အာရုံခံတန်စောင်းပန္နက်တော်တင်ခြင်း၊ အနောက်အရပ်ရှိ အာရုံခံတန်စောင်းပန္နက်တော်တင်ခြင်း၊ မြောက်အရပ်ရှိ သုခဝတီဓမ္မာရုံပန္နက်တော်တင်ခြင်း၊ အရှေ့မြောက်ထောင့်အရပ်ရှိ မြတ်မော်တင်ဆရာတော်သီတင်းသုံးမည့် စေတိယပါလ(၃)ထပ်ဆောင်ပန္နက်တော်တင်ခြင်း၊ အရှေ့အရပ်ရှိ အာရုံခံတန်စောင်းပန္နက်တော်တင်ခြင်းမင်္ဂလာအခမ်းအနားများတက်ရောက်၍ မင်္ဂလာအချိန်ကျရောက်သည်နှင့် ပန္နက်အား(၉)ချက်စီရိုက်၍ အသီးသီးပန္နက်တော်တင်မင်္ဂလာပြုလုပ်ခဲ့ကြပြီး အခမ်းအနားကို “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြ ကြောင်းသိရသည်။