ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ သဲဖြူနှင့် မဟာမြိုင်တောရဓမ္မရိပ်သာတို့၏ ပဓာနနာယကဆရာတော်ကြီး သာသနဓဇဓမ္မာစရိယ၊ ကမ္မဋ္ဌာနာစရိယ၊ ဘဒ္ဒန္တပညာဇောတ မဟာထေရ်မြတ်ထံမှ အနုမောဒနာတရားနာယူ၊ မဟာမကုဋရံသီ ဆံတော်ရှင် ​မြတ်မော်တင် စေတီတော်မြတ်ကြီး ရင်ပြင်တော်တိုးချဲ့ခြင်းလုပ်ငန်းအတွက် ဒသမအကြိမ်အလှူတော်ငွေပေးအပ်လှူဒါန်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ သဲဖြူနှင့် မဟာမြိုင်တောရဓမ္မရိပ်သာတို့၏ ပဓာန နာယကဆရာတော်ကြီး သာသနဓဇဓမ္မာစရိယ၊ ကမ္မဋ္ဌာနာစရိယ၊  ဘဒ္ဒန္တပညာဇောတ မဟာထေရ်မြတ်ထံမှ တရားတော် နာယူပွဲနှင့် မြတ်မော်တင်စေတီတော်မြတ်ကြီး ရင်ပြင်တော်တိုးချဲ့ခြင်းလုပ်ငန်းအတွက် ဒသမအကြိမ်အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲအား အောက်တိုဘာလ ၂၈ရက်နေ့ ညနေပိုင်းက ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ မဟာမကုဋရံသီ ဆံတော်ရှင်မြတ်မော်တင်စေတီတော်မြတ်ကြီး၏ရင်ပြင်တော်တွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်နှင့်ဇနီး၊ ပမ္မဝတီ ရေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့်၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများနှင့် တရားနာပရိတ်သတ်များ တက်ရောက်နာယူကြည်ညိုခဲ့ကြသည်။

ဦးစွာ  ဆရာတော်ကြီးနှင့်အတူ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြတ်မော်တင်စေတီတော်မြတ်ကြီးအား လှည့်လည်ကြည်ညိုဖူးမြော်ခဲ့ကြပြီး မြတ်မော်တင်စေတီတော်မြတ်ကြီး၏ရင်ပြင်တော်တိုးချဲ့ပြီးစီးမှုနှင့် ဆက်စပ်လုပ်ငန်းများအားလှည့်လည်ကြည့်ရှုစစ် ဆေးခဲ့ကြသည်။

ဆက်လက်၍  မဟာမကုဋရံသီ ဆံတော်ရှင်  ​မြတ်မော်တင်စေတီတော်မြတ်ကြီး ရင်ပြင်တော်တိုးချဲ့ခြင်းလုပ်ငန်းအတွက် ဒသမအကြိမ်အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်ဇနီး၊အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်၎င်းတို့၏ ဇနီးများ၊ဌာနဆိုင်ရာများနှင့် တရားနာပရိသတ်များ တက်ရောက်ခဲ့ကြပြီး “နမောတဿ”သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ခဲ့ကာ သဲဖြူ နှင့် မဟာမြိုင်တောရဓမ္မရိပ်သာတို့၏ ဦးစီးပဓာနနာယက ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်၍ တရားဒေသနာတော်များ နာယူကြည်ညိုကြပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူတို့က သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းခဲ့သည်။

ထို့နောက်  မြတ်မော်တင်စေတီတော်မြတ်ကြီး ရင်ပြင်တော်တိုးချဲ့ခြင်းလုပ်ငန်းအတွက် ဒသမအကြိမ်အလှူတော်ငွေ ပေးအပ်လှူဒါန်းပွဲကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးအမှူးပြုသော စေတနာရှင် အလှူရှင်များ၊ ဌာနဆိုင်ရာများက အလှူငွေများအား ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများက လက်ခံရယူခဲ့ပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပြန်လည်ပေးအပ်ခဲ့ပြီး အခမ်းအနားအား “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” (၃)ကြိမ်ရွတ်ဆိုဆုတောင်း၍ ရုပ်သိမ်းခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများ၊ ဘုရားဖူးပြည်သူများက မြတ်စွာဘုရားရှင်အား မီးပုံးပျံများ၊ မီးရှုးမီးပန်းများလွှတ်တင်ပူဇော်ခဲ့ကြပြီး မြတ်မော်တင်စေတီတော်ရင်ပြင်တွင်  အထူးစည်ကားလျက်ရှိကြောင်းသိရသည်။

29-Oct-2023