ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့သို့သွားရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အောက်တိုဘာလ ၂၈ ရက်နေ့ညနေပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများလိုက်ပါလျက် ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့သို့သွားရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ် မော်တင်လမ်းနှင့်ဇီးချိုင်ကျေးရွာသို့ဆက်သွယ်သောလမ်းပေါ်ရှိ ဇီးချိုင်ရွာအဝင်ကွန်ကရစ်တံတားတည်ဆောက်ခြင်း(ပထမပိုင်း)(၁၆၀ပေ× ၂၀ပေ) ဆောင်ရွက်နေမှုများကြည့်ရှုစစ်ဆေးခဲ့ရာ တိုင်းဒေသကြီးကျေးလက်လမ်းဦးစီးဌာန တိုင်းဦးစီးမှူးမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများသတ်မှတ်ကာလအတွင်းပြီးစီးစေရေး အရည်အသွေးပြည့်မီစေရေးနှင့် ရေရှည်တည်တံ့စေရေး အလေးထား ဆောင်ရွက်ရန်မှာကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခမောက်မော်ကျေးရွာ ဆိပ်ခံရေဆင်းတံတားနှင့် ချဉ်းကပ်လမ်းပြုလုပ်ခြင်းလုပ်ငန်း ဆိပ်ခံရေဆင်းတံတား (၃၀ပေ× ၂၀ ပေ)၊ ချဉ်းကပ် (၈၀ပေ×၈ပေ)ဆောင်ရွက်နေမှုများအားကြည့်ရှုစစ်ဆေးခဲ့ရာကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဦးစီးမှူးမှ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရေလုပ်ငန်းများဖွံ့ဖြိုးသည့်ဒေသဖြစ်၍ ဆိပ်ခံတံတားများတိုးတက်ကောင်းမွန်စေရန်၊ စက်လှေကြီးငယ်များ ကပ်ခွာပြုလုပ်နိုင်စေရန်နှင့်သတ်မှတ်ကာလအတွင်းပြီးစီးစေရေးနှင့်လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းစေရေးအလေးထားဆောင်ရွက်ရန်မှာကြားခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှုများအားကြည့်ရှုစစ်ဆေးခဲ့ကာ လိုအပ်သည်များမှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင်အဖွဲ့သည် ကျောက်ချောင်းတိုက်နယ်ဆေးရုံသို့သွားရောက်၍ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကိုကြည့်ရှုအားပေးခဲ့ရာ ဆေးရုံတက်ရောက်ကုသနေသည့်လူနာများအား အာဟာရဖြည့်စားသောက်ဖွယ်ရာများနှင့်ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ဆေးရုံဝန်ထမ်းများအားထောက်ပံ့ငွေများပေးအပ်ခဲ့ကာ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝပေးနိုင်ရေး ဆောင်ရွက်ကြရန်မှာကြားခဲ့ကြောင်းသိရသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများလိုက်ပါလျက် ယနေ့နံနက်ပိုင်းတွင် မော်တင်ကမ်းခြေတွင်ပြုလုပ်သည့် ပင်လယ်ကမ်းခြေ အုန်းပင်စိုက်ပျိုးပွဲတက်ရောက်၍ ပျိုးပင် (၁၀၀၀)အား ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ဒေသခံများနှင့်အတူတကွစိုက်ပျိုးပေးခဲ့ပြီး အုန်းပင်စိုက်ပျိုးထားရှိမှုများအားလှည့်လည်ကြည့်ရှုအားပေးခဲ့ကာ တစ်ပင်စိုက်တစ်ပင်ရှင်သန်စေရေးထိန်းသိမ်းဆောင်ရွက်ရန်မှာကြားခဲ့ကြောင်းသိရသည်။