ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား(၂၆)မြို့နယ် အမျိုးသမီးကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၂၆)မြို့နယ် အမျိုးသမီး ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း(အေရိုးဗစ်)ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားခန်းမတွင်ကျင်းပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားအသင်းများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ပြိုင်ပွဲများတွင် ပထမဆုရရှိသောအသင်းများ၏ သရုပ်ပြမှုကို ကြည့်ရှုအားပေးပြီးနောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဆက်လက်ပြုလုပ်ရာ ကိုးယောက်တွဲပြိုင်ပွဲတွင် တတိယဆုရရှိသည့် ဖျာပုံမြို့နယ်အသင်းမှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို တိုင်းဒေသကြီးအစိုးရ အဖွဲ့၊ အတွင်းရေးမှူး၏ဇနီးကလည်းကောင်း၊ ဒုတိယဆုရရှိသည့် လပွတ္တာမြို့နယ်အသင်းမှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို တိုင်းဒေသကြီးဥပဒေချုပ် ကလည်းကောင်း၊ ပထမဆုရရှိသည့် ငပုတောမြို့နယ်အသင်းမှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများကို စီးပွားရေးရာဝန်ကြီး၏ ဇနီးကလည်းကောင်း၊ သုံးယောက်တွဲပြိုင်ပွဲတွင် တတိယဆုရရှိသည့် ပုသိမ်မြို့နယ်၊ ဒုတိယဆုရရှိသည့် ငပုတောမြို့နယ်နှင့် ပထမဆုရရှိသည့်လပွတ္တာမြို့နယ်မှ အားကစားသမားများအား တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကို လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၏ဇနီးက လည်းကောင်း၊ တစ်ဦးချင်း ပြိုင်ပွဲတွင် တတိယဆုရရှိသည့် ငပုတောမြို့နယ်၊ ဒုတိယဆုရရှိသည့် ပုသိမ်မြို့နယ်နှင့် ပထမဆု ရရှိသည့်လပွတ္တာမြို့နယ်မှ အားကစားသမားများကို ဆုတံဆိပ်နှင့် ငွေသားဆုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးကလည်းကောင်း ဆုများအသီးသီး ချီးမြှင့်ခဲ့ပြီးနောက် ပထမဆုရရှိခဲ့သည့်လပွတ္တာမြို့နယ်အသင်းအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ပထမဆုဖလား ပေးအပ်ချီးမြှင့်ခဲ့ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြပြီး ပြိုင်ပွဲဝင် အားကစားသမား များနှင့်ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးခဲ့သည်။ အဆိုပါပြိုင်ပွဲများကို ယခုလ(၂၆) ရက်နေ့မှ (၂၇)ရက်နေ့အထိပြုလုပ်ခဲ့ပြီး တိုင်းဒေသကြီးအတွင်းရှိမြို့နယ်(၂၆) မြို့နယ်မှ ပြိုင်ပွဲဝင် ကစားသမား (၃၃၈) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။