တိုင်းဒေသကြီးဝန်ကြီးချုပ် ကျုံပျော်မြို့နယ်အားကစားခန်းမတွင် ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရေးအတွက် “နေကြာနှင့် ပိုက်ဆံလျှော်” မျိုးစေ့ပေးအပ်ပွဲနှင့်တောင်သူများနှင့်တွေ့ဆုံပွဲသို့တက်ရောက်

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျုံပျော်မြို့နယ်အားကစားခန်းမ၌ ပြုလုပ်သည့် ၂၀၂၃-၂၀၂၄ခုနှစ်၊ ဆောင်းသီးနှံစိုက်ပျိုးရေးအတွက် “နေကြာနှင့် ပိုက်ဆံလျှော်”မျိုးစေ့ပေးအပ်ပွဲနှင့်တောင်သူများနှင့်တွေ့ဆုံပွဲ အခမ်းအနားသို့တက်ရောက်ခဲ့ရာ ဦးစွာကျုံပျော်ခရိုင် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးကော်မတီဥက္ကဋ္ဌက မိုးစပါးရိတ်သိမ်းနေမှု၊ နွေစပါး၊ ဆောင်းသီးနှံနှင့် ပိုက်ဆံလျှော်(သစ်စိမ်းမြေဩဇာ) မျိုးစေ့ထုတ် စိုက်ပျိုးဆောင်ရွက်မည့်အစီအမံများအားလည်းကောင်း၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးက ပိုက်ဆံလျှော်မျိုးစေ့နှင့် ဆောင်းနေကြာစိုက်ပျိုးဆောင်ရွက်မည့် အစီအမံများအား မြေပုံကားချပ်များဖြင့်လည်းကောင်း၊ ဧရာမိုးပျံကုမ္ပဏီဒါရိုက်တာက Contract Farmingဖြင့် ဆောင်ရွက်မည့်အစီအမံများအားလည်းကောင်း ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ကျုံပျော်ခရိုင်အနေဖြင့် မိုးစပါးများစတင် ရိတ်သိမ်းနေပြီဖြစ်၍ မကြာခင်ကာလအတွင်း နွေစပါး၊ ဆောင်းသီးနှံနှင့် ဆီထွက်သီးနှံနေကြာများလည်း စိုက်ပျိုးတော့မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် မိုးစပါးပန်းတိုင်အထွက်နှုန်း မရောက်သေးမီကာလအကြား ရည်မှန်းချက်အနေဖြင့် တစ်ဧက(၁၀)တင်း ပိုမိုတိုးတက်ထွက်ရှိရေးအတွက် စိုက်ပျိုးရေးပညာရှင်များ၊ ဌာနဆိုင်ရာများနှင့် တောင်သူများတွေ့ဆုံ၍ အလုပ်ရုံဆွေးနွေးပွဲများ ပြုလုပ်၍ ရလဒ်များဖော်ထုတ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ မိုးစပါးများတိုးတက်ထွက်ရှိခဲ့သည်ကိုတွေ့ရှိနေရပါကြောင်းနှင့် မိုးစပါးသာမက နွေစပါးအပါအဝင် အဓိကသီးနှံများကိုလည်း ပန်းတိုင်အထွက်နှုန်းများရရှိအောင် ဆောင်ရွက်ရမှာဖြစ်ပါကြောင်း၊ ကျုံပျော်ခရိုင်တွင် ပီလောပီနံစိုက်ခင်းများလည်း အောင်မြင်ဖြစ်ထွန်းလျက်ရှိရာကျယ်ကျယ်ပြန့်ပြန့်စိုက်ပျိုးကြ စေလိုပါကြောင်း၊ လာမည့်၂၀၂၄ခုနှစ်၊ မိုးစပါးစိုက်ရာသီတွင် ရေတော်မိုးတော် စိုက်ဧက(၂၇) သိန်းအား ပိုက်ဆံလျှော်များ အပြည့်အဝထည့်သွင်း စိုက်ပျိုးသွားမည် ဖြစ်ပါကြောင်းနှင့် မျိုးစေ့ထုတ်စိုက်ခင်းများတွင်လည်း မျိုးစေ့များထုတ်လုပ်နိုင်ရန်နေရာဒေသအလိုက် စနစ်တကျစိုက်ပျိုး ဆောင်ရွက်လျက်ရှိပါကြောင်း၊ အယ်နီညိုရာသီဥတုကြောင့် ရာသီဥတုဖောက်ပြန်မှုများရှိလာမည်ဖြစ်၍ စိုက်ဧကများထိခိုက်မှုမရှိေစေရး၊ အောင်ရေရရှိစေရေးကြိုတင်ဆောင်ရွက်ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း၊ ဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိပါကြောင်းနှင့် နေကြာများ ဖြစ်ထွန်းအောင်မြင်ရေးနှင့် ဆီဖူလုံရေးအတွက်လည်း ဝိုင်းဝန်းဆောင်ရွက်ရမှာဖြစ်ပါကြောင်းနှင့်တိုင်းဒေသကြီး၏ စိုက်ပျိုးရေးကဏ္ဍ ပိုမို ဖွံ့ဖြိုးတိုးတက်စေရေး ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ၊ တောင်သူများက ကြိုးစားဆောင်ရွက်ပေးကြစေလိုကြောင်း” အမှာစကားများပြောကြားပြီး ပိုက်ဆံလျှော်နှင့် နေကြာမျိုးစေ့များကို ကျုံပျော်၊ ရေကြည်၊ ကျောင်းကုန်းမြို့နယ်များမှ တောင်သူများထံသို့လည်းကောင်း၊  Contract Farming ဖြင့်ဆောင်ရွက်မည့် ဧရာမိုးပျံကုမ္ပဏီဒါရိုက်တာက  သွင်းအားစုများလည်းကောင်း အသီးသီးပေးအပ်ခဲ့ပြီးနောက် တောင်သူတစ်ဦးက ကျေးဇူးတင်စကားများပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က စပါးအပါအဝင်အဓိကသီးနှံများပန်းတိုင်အထွက်နှုန်းရရှိစေရေး၊ လေလွင့်ဆုံးရှုံးမှုများနည်းပါးစေရေး၊ နေကြာများအောင်မြင်ဖြစ်ထွန်းရေးနှင့် ပိုက်ဆံလျှော်မျိုးစေ့များ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီးနောက် တောင်သူများအားပေးအပ်မည့် သွင်းအားစုများနှင့် မျိုးစေ့များကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်းသိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ကျီးအိုင်ကျေးရွာအုပ်စုရှိ တောင်သူဦးကျော်သူရ၏ စိုက်ဧက(၈)ဧကတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးထုတ်လုပ်သော RayRong9အမျိုးအစား၊ ဘောင်စနစ်ဖြင့်စိုက်ပျိုးသော ပီလောပီနံစံပြစိုက်ခင်းအား သွားရောက် ကြည့်ရှုအားပေးခဲ့ရာဒေသစိုက်မျိုး (ကိုင်းရှုတ်)မျိုးနှင့် R9အထွက်ကောင်းမျိုးအား ဘောင်စနစ်ဖြင့်ယှဉ်ပြိုင်စမ်းသပ်စိုက်ပျိုးထားရှိမှု၊ သက်တမ်းတို အထွက်ကောင်းမျိုးများဖြစ်သည့်  R 72၊ R 5  မျိုးများစမ်းသပ်စိုက်ပျိုးထားရှိမှုအခြေအနေများ၊ ကျုံပျော်မြို့နယ်အတွင်းပီလောပီနံစိုက်ပျိုးထားရှိမှုနှင့် ပီလောပီနံမှထွက်ရှိသည့် ကုန်ကြမ်း၊ ကုန်ချောများအား ပြည်တွင်းပြည်ပ တင်ပို့နိုင်ရေးဆောင်ရွက်နေမှုအခြေအနေများအား တာဝန်ရှိသူများမှရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ ပီလောပီနံအထွက်ကောင်းမျိုးများအားတောင်သူများကျယ်ကျယ်ပြန့်ပြန့်အသုံးပြုနိုင်စေရေးမျိုးပွားဖြန့်ဝေဆောင်ရွက်ရန်၊ သီးထပ်စွမ်းအားများတိုးတက်စိုက်ပျိုးနိုင်ရေးအတွက် သက်တမ်းတိုအထွက် ကောင်းမျိုးများ တိုးတက်ထုတ်လုပ်စိုက်ပျိုးရန်၊ ပီလောပီနံမှထွက်ရှိသည့်ကုန်းကြမ်းများအား တိုင်းဒေသကြီးအတွင်းရှိ အလုပ်ရုံ၊ စက်ရုံများတွင် အသုံးပြုနိုင်စေရေးပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပြီး အောင်မြင်အောင်ဆောင်ရွက်စေရေးမှာကြားခဲ့သည်။ ကျုံပျော်ခရိုင်အနေဖြင့် ပီလောပီနံအထွက်ကောင်းမျိုးသစ်(R 9)မျိုးအား စိုက်ဧက(၂၅၀၀)ဧက မျိုးပွါးစိုက်ပျိုးထားလျှက်ရှိပါကြောင်းသိရှိရသည်။

24-Oct-2023