တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့တွင် ဖွင့်လှစ်သည့် လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများသင်တန်း (၃/၂၀၂၃) ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများသင်တန်း (၃/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက တိုင်းဒေသကြီးစိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ စိုက်ပျိုးရေးဦးဌာနမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများတက်ရောက်ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ ဧရာဝတီတိုင်းဒေသကြီးတွင် စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် လက်မှတ်ရပိုးသတ်ဆေးသုံးစွဲသူများသင်တန်းအား ပိုးသတ်ဆေးဥပဒေအား သက်ဝင်လှုပ်ရှားစေရန်၊ ပိုးသတ်ဆေးနှင့် ပိုးသတ်ဆေးဓာတ်ကြွင်းအန္တရာယ်ကို သိရှိနားလည်ပြီး စနစ်တကျ ကိုင်တွယ်သုံးစွဲတတ်စေရန်၊ ဘက်စုံသီးနှံကာကွယ်ရေး လုပ်ငန်းစဉ်တွင် ဓာတုနည်းဖြင့်ကာကွယ် နှိမ်နင်းခြင်းလုပ်ငန်း ထိရောက်အောင်မြင်စေရန်၊ ဘေးကင်းလုံခြုံစိတ်ချရသောစားသုံးသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် သဘာဝပတ်ဝန်းကျင်မပျက် ရေရှည်စိုက်ပျိုးထုတ်လုပ်နိုင်ရေးကို အထောက်အကူပြုစေရန်စတဲ့ ရည်ရွယ်ချက်များနဲ့ ဖွင့်လှစ်ခြင်းဖြစ်ပါကြောင်း၊ ဈေးကွက်အတွင်း တရားဝင်တင်သွင်းခွင့်ရှိသည့်ဆေးဝါးများ၊ တင်သွင်းခွင့်မရှိသည့် ဆေးဝါးများကိုလည်းယခုသင်တန်းမှတစ်ဆင့် သိရှိစေမည်ဖြစ်ပါကြောင်း၊ သင်တန်းတွင် ပိုးသတ်ဆေးများအား လက်တွေ့သုံးစွဲသူများ ပါရှိသကဲ့သို့ လက်မှတ်ရပိုးသတ်ဆေးများအား ရောင်းချမည့်သူများလည်းပါရှိကြောင်း၊ တိုင်းဒေသကြီးတွင် မိုးစပါးစိုက်ဧက ၃၇ သိန်းကျော်၊ နွေစပါးစိုက်ဧက ၁၄ သိန်းကျော်နှင့် ပဲမျိုးစုံစိုက်ဧက ၁၆သိန်းကျော်၊ ဆီထွက်သီးနှံစိုက်ဧက ၃သိန်းကျော် စိုက်ပျိုးလျက်ရှိပြီး ဆီဖူလုံမှုရှိစေရေးအတွက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိပြီး စိုက်ဧကများပြည့်မီစေရး၊ ပန်းတိုင်အထွက်နှုန်းရရှိစေရးဆောင်ရွက်လျက်ရှိရာ ပိုးမွှားအန္တရာယ် ကင်းစင်ပြီးကျန်းမာရေးနှင့်ညီညွတ်မျှတသည့် သီးနှံများ ဈေးကွက်အတွင်း ရောင်းချနိုင်ရန်အတွက် တောင်သူများအနေဖြင့်လည်း စနစ်တကျစိုက်ပျိုးခြင်း၊ ပိုးသတ်ဆေးများ စနစ်တကျ သုံးစွဲခြင်းများဖြင့် ဆောင်ရွက်သွားရန်လည်း လိုအပ်ပါကြောင်း၊ ပိုးသတ်ဆေးသုံးစွဲသူများ၊ ရောင်းချသူများအနေဖြင့် ပိုးသတ်ဆေးများ၏ အကျိုးအာနိသင်များ၊ အန္တရာယ်ဖြစ်စေနိုင်မှုများကို နှံ့နှံ့စပ်စပ်သိရှိကြရန်လိုအပ်ပြီး အသုံးပြုမည့် တောင်သူများအား သေချာစွာ အသိပညာပေးညွှန်ကြားမှု ပြုနိုင်ရန်လည်း လိုအပ်ကြောင်း၊ သင်တန်းမှပို့ချမှုများကို သေချာလေ့လာမှတ်သားပြီး မိမိတို့အရပ်ဒေသများတွင် ပြန်လည်ဆင့်ပွားဆောင်ရွက်ပေးကြရန်နှင့် တိုင်းဒေသကြီး၏စိုက်ပျိုးရေးလုပ်ငန်းများပိုမိုတိုးတက်အောင်မြင်စေရေး ပိုးမွှားအန္တရာယ် ကာကွယ်နှိမ်နှင်းရေး လုပ်ငန်းများအားပိုးသတ် ဆေးသုံးစွဲသူများ၊ ရောင်းချသူများ၊တောင်သူများ၊ ဌာနဆိုင်ရာများမှ ပူးပေါင်းဆောင်ရွက် ပေးကြရန်” အမှာစကားပြောကြားသည်။
ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေကြီးဦးစီးမှူးက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းတင်ပြခဲ့သည်။ အဆိုပါသင်တန်းအား ယခုလ ၂၄ ရက်နေ့မှ ၂၆ ရက်နေ့အထိ ၃ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူ ၁၆၈ ဦး တက်ရောက်လျက်ရှိကာ ဧရာဝတီတိုင်းဒေသကြီးအတွင်းမြို့နယ်အသီးသီးမှာ လိုင်စင်ရပိုးသတ်ဆေး လက်လီလက်ကား အရောင်းဆိုင် (၉၀၆) ဆိုင်ကို ဥပဒေ၊စည်းမျဉ်းစည်းကမ်းတွေနှင့်အညီ စနစ်တကျ ဖွင့်လှစ် ရောင်းချသုံးစွဲနေကြပြီဖြစ်၍ စိုက်ပျိုးရေးလုပ်ငန်းတွေအတွက် များစွာအကျိုးပြုလျက်ရှိနေကြပြီ ဖြစ်ကြောင်းသိရသည်။