ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မိုးစပါးမှော်ဘီ(၃)မျိုးစေ့ထုတ်စိုက်ခင်းစံကွက်ရိတ်သိမ်းနေမှုအားကြည့်ရှုအားပေး
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ယနေ့နံနက်ပိုင်းက မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်၊ ထီကွေ့ကျေးရွာရှိ တောင်သူဦးကျော်ဝင်းစိန်၏ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့်သွင်းအားစုများရယူဆောင်ရွက်ပြီး ပိုက်ဆံလျှော်(သစ်စိမ်းမြေဩဇာ)၊ နွားချေးနှင့်အခြားမြေဩဇာများ ထည့်သွင်းထားသည့် စိုက်ဧက(၄) ဧကတွင် ပြုလုပ်သည့် မိုးစပါးမှော်ဘီ(၃)မျိုးစေ့ထုတ်စိုက်ခင်းစံကွက်ရိတ်သိမ်းနေမှုအားကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်သူများနှင့်တွေ့ဆုံ၍ တစ်ဧက ၁၀တင်းပိုမိုတိုးတက်ထွက်ရှိစေရေးအတွက် အထွက်တိုးမျိုးစပါးများပြောင်းလဲအသုံးခြင်း၊ စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးခြင်း၊ သဘာဝမြေဩဇာများအချိုးကျသုံးစွဲခြင်း၊ ပိုက်ဆံလျှော်သစ်စိမ်းမြေဩဇာများ မြေခံထည့်သွင်းစိုက်ပျိုးခြင်းများဆောင်ရွက်ခဲ့ရာ တစ်ဧကအထွက်နှုန်းများတိုးတက်လာသည်ကိုတွေ့ရှိနေပြီဖြစ်ပါကြောင်း၊ တောင်သူများအနေဖြင့် ပိုက်ဆံလျှော်မျိုးစေ့ ထုတ်လုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရမှာဖြစ်ပါကြောင်း၊ သီးထပ်စွမ်းအားများတိုးမြှင့်ဆောင်ရွက်ရန်နှင့် ပန်းတိုင်အထွက်နှုန်းများရရှိစေရေးဆက်လက်ဆောင်ရွက်သွားကြရန်ဆွေးနွေးပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးလယ်ယာမြေစီမံခန့်ခွဲမှုနှင့်စာရင်းအင်းဦးစီးဌာနတိုင်းဦးစီးမှူးမှ ဓနုဖြူမြို့နယ်၏ ရေမြေသဘာဝအလိုက် မိုးစပါးစိုက်ပျိုးထားရှိမှုအခြေအနေများရှင်းလင်းတင်ပြမှုအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က စိုက်ဧကများပြည့်မီစေရေးနှင့် မြေပြုပြင်ခြင်းများဆောင်ရွက်ထားရှိပြီဖြစ်၍ မြေအမျိုးအစားအလိုက် ကောင်း၊ သင့်၊ ညံ့ တွက်ချက်မှုများ ပြန်လည်တွက်ချက်ထားရှိရန်မှာကြားခဲ့ပြီး တောင်သူများ၏တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများနှင့်ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပိုက်ဆံလျှော်မျိုးစေ့ထုတ် တောင်သူများအား မျိုးစေ့များထောက်ပံ့ပေးအပ်ခဲ့ပြီးစံကွက်ရိတ်သိမ်းနေမှုအားကြည့်ရှုအားပေးခဲ့သည်။
အဆိုပါတောင်သူ ဦးကျော်ဝင်းစိန်၏ မှော်ဘီ(၃)မျိုးစပါး မိုးစပါးစံကွက်ရိတ်သိမ်းခဲ့ရာတွင် တစ်ဧကလျှင် ပျမ်းမျှ အထွက်နှုန်း( ၁၆၄.၄၈)တင်းထွက်ရှိခဲ့ပြီး အထွက်တိုးမျိုးစပါးများပြောင်းလဲအသုံးခြင်း၊ စိုက်နည်းစနစ်များပြောင်းလဲစိုက်ပျိုးခြင်း၊ သဘာဝမြေဩဇာများအချိုးကျသုံးစွဲခြင်း၊ ပိုက်ဆံလျှော်သစ်စိမ်းမြေဩဇာများမြေခံထည့်သွင်းစိုက်ပျိုးခြင်းများအပြင် ရိတ်သိမ်းခြွေလှေ့စက်မောင်းသင်တန်းဆင်းများမှ စနစ်တကျဖြင့်ရိတ်သိမ်းခြင်းတို့ကြောင့် လေလွင့်မှုများနည်းပါးကာ အထွက်နှုန်းတိုးခြင်းဖြစ်ကြောင်းသိရသည်။