တိုင်းဒေသကြီးဝန်ကြီးချုပ် ပညာရေးဘွဲ့ (B.Ed) စာပေးစာယူပထမနှစ်(၄/၂၃)နှင့် ဒုတိယနှစ် (၂/၂၂) သင်တန်းသား၊ သင်တန်းသူများကြိုဆိုပွဲသို့တက်ရောက်
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ပုသိမ်ပညာရေးဒီဂရီကောလိပ် ပညာရတနာခန်းမ၌ ယနေ့နံနက်ပိုင်းကပညာရေးဘွဲ့(B.Ed)စာပေးစာယူ ပထမနှစ်(၄/၂၃)နှင့် ဒုတိယနှစ်(၂/၂၂) သင်တန်းသား၊ သင်တန်းသူများကြိုဆိုပွဲကိုပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝန်ကြီးများနှင့်အတူ တက်ရောက်၍ ကြိုဆိုဂုဏ်ပြု အားပေး စကားများပြောကြားခဲ့သည်။
ဦးစွာ ကြိုဆိုပွဲအခမ်းအနားကို သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမများက“ ကြိုဆိုလက်ကမ်းကံ့ကော်တန်း” သီချင်းဖြင့်သီဆိုဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “ မိမိတို့တိုင်းဒေသကြီး၏ ပညာရေးကဏ္ဍတွင် အားကိုးအားထားရသည့် ဆရာ၊ ဆရာမ များနှင့် တွေ့ဆုံခွင့်ရရှိသည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ဆရာ၊ ဆရာမများသည် မိမိတို့ဖြတ်သန်းလာခဲ့သည့် အတွေ့အကြုံများကိုအခြေခံ၍ ဘာသာရပ်များအား ခေတ်နှင့်လျော်ညီစွာ လေ့လာသင်ယူ၍ ပြန်လည်သင်ကြားပေးလျက်ရှိနေပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တည်ဆောက်ရာတွင် ပညာရေးဖြင့်ရင်းနှီးမြှုပ်နှံရမှာ ဖြစ်ပါ ကြောင်းနှင့် ဆရာ၊ ဆရာမများသည် ပြုပြင်ပြောင်းလဲနေသော ပညာရေးစနစ်ကို မျက်ချည်ပြတ် မခံဘဲ အစဉ်လေ့လာသင်ယူပြီး အမြဲကြိုးစားနေရမည့် ထာဝရကျောင်းသားကြီးများဖြစ်ပါကြောင်း၊ ပညာရေးနှင့်ပတ်သက်၍ မိဘများက မိမိတို့၏သားသမီးများအပေါ် မျှော်မှန်းချက် များထားရှိသကဲ့သို့ ဆရာ၊ ဆရာမများအနေဖြင့်လည်း မိမိတို့တပည့်သားသမီးများအား ပညာရေး မြင့်သထက်မြင့်၍ ထူးချွန်ထက်မြက်သူများဖြစ်အောင် ရည်မှန်းသင်ကြားနေသူများ လည်းဖြစ်ကြပါကြောင်း၊ ဆရာ၊ ဆရာမများသည် တပည့်ပေါင်းမြောက်များစွာ မွေးထုတ်ပေးလျက်ရှိရာ တပည့်များ၏ စံနမူနာပြများဖြစ်ကြပါကြောင်း၊ ကျောင်းသန့်ရှင်းရေးနှင့် ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးအတွက်လည်း ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ မိဘပြည်သူ များနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ ပူးပေါင်းဆောင်ရွက်သွားကြရန်လည်း လိုအပ်ပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံသည့် တပည့်ကောင်းများပေါ်ထွက်လာစေရန် ပြုစုပျိုးထောင်ပေးရန် လိုပါကြောင်း၊ စနစ်သစ်Grade-12 တွင် မိမိတို့၏တပည့်များ ထူးထူး ချွန်ချွန်ဖြင့် ရာနှုန်းပြည့်အောင်မြင်စေရေးအတွက်လည်း ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်” ကြိုဆိုဂုဏ်ပြုအားပေးစကားများပြောကြားခဲ့ပြီး ထောက်ပံ့ငွေများကိုပေးအပ်ခဲ့ရာ ပုသိမ်ပညာရေး ဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်အား ပညာရေးဘွဲ့(B.Ed)စာပေးစာယူပထမနှစ် (၄/၂၃)နှင့်ဒုတိယနှစ်(၂/၂၂)သင်တန်းသို့ တက်ရောက်လာသည့် ဘာသာရပ်အလိုက် ဆရာမများ စာရင်းအားတင်ပြခဲ့ပြီးနောက် ဝန်ကြီးချုပ်သည် ဆရာ၊ ဆရာများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ခဲ့သည်။ ပုသိမ်ပညာရေးဒီဂရီကောလိပ်တွင် ပညာရေးဘွဲ့ B.Ed စာပေးစာယူ သင်တန်း အမှတ်စဉ် (၄/၂၃) ပထမနှစ် သင်တန်းသား၊ သင်တန်းသူ (၃၇၈)ဦး၊ (၂/၂၂)ဒုတိယနှစ် သင်တန်းသား၊ သင်တန်းသူ(၃၈၁)ဦး၊ စုစုပေါင်း(၇၅၉)ဦး သင်တန်းတက်ရောက်လျက်ရှိကြောင်း သိရသည်။