တိုင်းဒေသကြီးဝန်ကြီးချုပ် ပညာရေးဘွဲ့ B.Ed စာပေးစာယူသင်တန်းအမှတ်စဉ် (၄/၂၃) ပထမနှစ် သင်တန်းသား၊ သင်တန်းသူများအားကြိုဆိုပွဲသို့တက်ရောက်အားပေး

ပညာရေးဘွဲ့ B.Ed စာပေးစာယူသင်တန်းအမှတ်စဉ် (၄/၂၃) ပထမနှစ်သင်တန်းသား၊ သင်တန်းသူများအား ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်၊ ပညာဂုဏ်ရည်ခန်းမတွင် ပြုလုပ်ခဲ့ရာ ကြိုဆိုပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝန်ကြီးများနှင့်အတူ တက်ရောက်၍ အားပေးစကားများပြောကြားခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က“ မိမိတို့တိုင်းဒေသကြီးအတွက် အားထားရသည့် ဆရာ၊ ဆရာမများ ဖြစ်သည့်အတွက် ယခုကဲ့သို့လာရောက်အားပေးစကားပြောကြားခြင်း ဖြစ်ပါကြောင်း၊ အခြေခံပညာ(Grade-12) တက္ကသိုလ်ဝင်စာမေးပွဲကို ယခင်နှစ်က အကြောင်း ကြောင်းကြောင့်မဖြေဆိုဖြစ်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ၊ စာမေးပွဲကျရှုံးခဲ့သူများ အနေဖြင့်လည်း ယခုနှစ်တွင် ဝင်ရောက်ဖြေဆိုခွင့်များရရှိမည်ဖြစ်၍ ကျောင်းသားကျောင်းသူများ အားလုံးဝင်ရောက်ဖြေဆိုနိုင်ရေးနှင့် အောင်ချက်မြင့်မားရေးအတွက် တက္ကသိုလ်များမှ ပါမောက္ခဆရာ၊ ဆရာမများ၊ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများပူးပေါင်း၍ ဆွေးနွေး ပွဲများပြုလုပ်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တည်ဆောက်ရာတွင် ပညာရေးဖြင့်ရင်းနှီးမြှုပ်နှံရမှာဖြစ်ပါကြောင်းနှင့် ဆရာ၊ ဆရာမများသည် ပြုပြင်ပြောင်းလဲနေသော ပညာရေးစနစ်ကို မျက်ချည်ပြတ်မခံဘဲ အစဉ်လေ့လာသင်ယူပြီး အမြဲကြိုးစားနေရမည့် ထာဝရကျောင်းသားကြီးများဖြစ်ပါကြောင်း၊ ဆရာ၊ ဆရာမများသည် နာသုံးနာကိုအခြေခံ၍ ကျောင်းသား ကျောင်းသူများ၏ စွမ်းရည်သတ္တိနှင့် ကိုယ်ရည်ကိုယ်သွေး ပြည့်ဝစေရေးနှင့် လမ်းမှန်ရောက်အောင် သွန်သင်ဆုံးမပေးကြသူများဖြစ်သည်ကို တွေ့နေရပါကြောင်း၊ ဆရာ၊ ဆရာများသည်  ကျောင်းသား၊ ကျောင်းသူများ၏ စံနမူပြများဖြစ်သဖြင့် ဝတ်စားဆင်ယင်မှုစနစ်တကျရှိရန်လည်း လိုအပ်ပါကြောင်း၊ ယခုသင်တန်းသို့ တက်ရောက် လာသည့် ဆရာ၊ ဆရာမများအား လေးစားအားထားပါကြောင်းနှင့် ပညာပြည့်ဝ နှလုံးလှ၍ ဗလငါးတန်နှင့်ပြည့်စုံသော ကျောင်းသား၊ ကျောင်းသူများမွေးထုတ်ပေးနိုင်သည့် စံနမူနာပြ ဆရာ၊ ဆရာမများဖြစ်ကြပါစေကြောင်း” အားပေးအမှာစကားပြောကြားသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်အား (၄/၂၃) ပထမနှစ်သို့ မြို့နယ်အလိုက် တက်ရောက်သည့်ဆရာ၊ ဆရာမများစာရင်းအားတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ထောက်ပံ့ငွေများကိုပေးအပ်ခဲ့ရာ ဘိုကလေးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးကလက်ခံရယူခဲ့သည်။ ဘိုကလေးပညာရေးဒီဂရီကောလိပ်တွင် ပညာရေးဘွဲ့ B.Ed စာပေးစာယူသင်တန်းအမှတ်စဉ် (၄/၂၃) ပထမနှစ် သင်တန်းသား၊ သင်တန်းသူ (၃၅၇)ဦး၊ (၂/၂၂)ဒုတိယနှစ် သင်တန်းသား၊ သင်တန်းသူ(၃၄၃)ဦး၊ စုစုပေါင်း(၇၀၀)ဦး သင်တန်း တက်ရောက်လျက်ရှိကြောင်းသိရသည်။

17-Oct-2023